အာသီးရောင်ခြင်းကို ဘယ်လိုကာကွယ်သင့်သလဲ ကလေးအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာစောဝင်းက အခုလို ပညာပေးမျှဝေထားပါတယ်။

ကလေးငယ်အများစုမှာ အာသီးရောင်တဲ့ လက္ခဏာတွေ မကြာခဏတွေ့ရတတ်ပြီး အထူးသဖြင့် ကျောင်းသားအရွယ် ကလေးငယ်တွေမှာ ပိုပြီး အဖြစ်များတာ တွေ့ရတယ်လို့ ကလေးအထူးကု ဆရာဝန်တွေ ပြောပြချက်အရသိရပါတယ်။ 

ခန္ဓာကိုယ်ကျန်းမာရေးအတွက် အာသီးက ဘယ်လောက်အရေးကြီးသလဲ။ အာသီးရောင်ခြင်းကြောင့် နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးတွေက ဘာတွေဖြစ်နိုင်လဲ။ အာသီးရောင်ခြင်းကို ဘယ်လိုကာကွယ်သင့်သလဲ ကလေးအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာစောဝင်းက အခုလို ပညာပေးမျှဝေထားပါတယ်။

ကျန်းမာရေးအတွက် အရေးကြီးတဲ့ အာသီးရဲ့ လုပ်ဆောင်ချက် ၃ ခု

၁။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ခုခံမှုကိုပေးတဲ့ ကလပ်စည်းတွေကို ထုတ်ပေးခြင်း

၂။ ရောဂါပိုးမွှားတွေကို ကာကွယ်ပေးခြင်း၊

၃။ အစားအသောက် ရေနဲ့ လေတွေထဲကပါလာတဲ့ ပိုးမွှားတွေကို ခုခံပေးခြင်းတို့ကို လုပ်ဆောင်ပေးနိုင်ပါတယ်။

အာသီးဆိုတာ မွေးကစမှာတုန်းက သေးသေးလေးဖြစ်နေပြီးတော့ ၂ နှစ်အရွယ်လောက်စတင်ကာ တစ်ဖြည်းဖြည်းကြီးလာတတ်ပါတယ်။ အဲဒီနောက် ၁၂ နှစ်အရွယ်မှာ တစ်ဖြည်းဖြည်းနဲ့ ပြန်ပြီးသေးငယ်သွားပါတယ်။ အာသီးရဲ့ အဓိက တာဝန်ကတော့ အစားအသောက်၊ ရေနဲ့ လေတို့က ဝင်လာတဲ့ ပိုးမွှားတွေကို ကာကွယ်ပေးတာဖြစ်ပါတယ်။ ပါးစပ်ဟလိုက်ရင် သာမန်မျက်စိနဲ့ မြန်ရတဲ့ အာသီးကတော့ ပါးစပ်က ဝင်လာတဲ့ ပိုးမွှားတွေကို ကာကွယ်ပေးတာဖြစ်ပြီး လည်ချောင်းနားက အာသီးကတော့ နှာခေါင်းက ဝင်လာတဲ့ ပိုးမွှားတွေကို ကာကွယ်ပေးတာဖြစ်ပါတယ်။

Photo - Freepik

အာသီးလေးတွေ ရောင်လာတဲ့အခါ ဖြစ်နိုင်တဲ့လက္ခဏာ ၄ ခု

၁။ ဖျားနာလာခြင်း၊

၂။ အာသီးပြည်တည်လာခြင်း၊

၃။ အစားအသောက်စားတဲ့အခါ နာခြင်း

၄။ အသက်ရှုရခက်ခဲလာခြင်းတို့ ခံစားရတတ်ပါတယ်။  

အာသီးရောင် ရောဂါအဖြစ်များတဲ့ အသက်အရွယ်

အသက် ၄ နှစ်ကနေ ၁၂ နှစ်အတွင်းကလေးတွေမှာ အာသီးရောင်တဲ့ ရောဂါခဏခဏ ဖြစ်ပွားတတ်ပါတယ်။ဒီထက် ငယ်တဲ့ကလေးတွေမှာလည်း ဖြစ်နိုင်သလို ဒီထက် ကြီးတဲ့ကလေးတွေမှာလည်း ဖြစ်တတ်ဆိုပေမယ့် အဖြစ်များတဲ့ အသက်အရွယ်ကတော့ အသက် ၄ နှစ်က ၁၂ နှစ်အတွင်းကလေးငယ်တွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အာသီးအရွယ်အစားကြီးထွားမှုကလည်း တစ်ယောက်နဲ့ တစ်ယောက်မတူနိုင်ပါဘူး။ အာသီးကြီးတတ်တဲ့ကလေးတွေကတော့ ပိုပြီးရောင်လွယ်သလို ပိုပြီး လက္ခဏာပြတတ်ပါတယ်။

ဘယ်လိုအခြေအနေမှာ အာသီးရောင် ရောဂါအဖြစ်များသလဲ။

၁။ ဖုန်တွေ မှုန်တွေ ထူထပ်တဲ့ နေရာ သွားလာခြင်း၊

၂။ မသန့်တဲ့ရေတွေ သောက်သုံးရခြင်း၊ ရေခဲရေမကြာခဏသောက်သုံးခြင်း၊

၃။ လူထူထပ်တဲ့နေရာတွေ၊ ပွဲလမ်းဘဘင်တွေ သွားခြင်း

၄။ အစားအသောက် အစိမ်းစား ခြင်းတို့ ကြောင့် အဖြစ်များနိုင်တာကို သတိပြုဖို့ လိုပါတယ်။

Photo - Freepik

ဒီလို အခြေအနေဖြစ်လာပါက အာသီးဖြတ်ထုတ်ပါ။

၁။ တစ်နှစ်မှာ ခြောက်ခါထက် အာသီးပိုရောင်တတ်သူများ

၂။ တစ်နှစ်မှာ ငါးခါ နှစ်နှစ်ဆက်တိုက် အာသီးရောင်တတ်သူများ

၃။ တစ်နှစ်မှာ လေးခါ သုံးနှစ်ဆက်တိုက် အာသီးရောင်တတ်သူများ

၄။ အာသီးရောင်ခြင်းကြောင့် ပြည်တည်သွားသူများ

၅။ သွေးအကြိတ်ကင်ဆာရောဂါသည်များ

၆။ အိပ်တဲ့အခါ အသက်ရှုပိတ်တတ်သောကလေးငယ်များ 

အာသီးရောင်ခြင်းနောက်ဆက်တွဲဆိုးကျိုးများ

အာသီးရောင်ခြင်းကြောင့် နှလုံးလေးဖက်နာနဲ့ ကျောက်ကပ်ရောင်ခြင်းများဖြစ်နိုင်ပါတယ်။ နှလုံးလေးဖက်နာဖြစ်နိုင်တဲ့ ရောဂါလက္ခဏာတွေကတော့ နှလုံးရောင်လာခြင်း၊ အဆစ်များ ရောင်လာခြင်းနဲ့ နှလုံးအဆို့ရှင်များ ပျက်စီးလာခြင်းတို့ ဖြစ်ပါတယ်။ 

ကျောက်ကပ်ရောင်ခြင်းကြောင့် ဖြစ်တဲ့ ရောဂါလက္ခဏာများမှာ ဆီးနည်းခြင်း သွေးတိုးခြင်း၊ ခေါင်းမူးခြင်းကနေ သတိလစ်ခြင်းမျိုးအထိ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် အာသီးမရောင်ဘဲ ကြီးနေတဲ့ ကလေးတွေမှာ အသက်ရှုပိတ်သွားခြင်း၊ အောက်ဆီဂျင်ကျခြင်းမျိုးဖြစ်တတ်ပါတယ်။

အာသီးမရောင်ဖို့ ဆောင်ရန်/ရှောင်ရန်များ

အာသီးမကြာခဏရောင်တတ်တဲ့သူတွေအနေနဲ့ လူထူထပ်တဲ့နေရာတွေသွားတဲ့အခါ နှာခေါင်းစည်းတပ်ပါ။ မသန့်တဲ့အစားသောက်တွေကို ရှောင်ပါ။ အာသီးရောင်ခြင်း ခဏခဏဖြစ်တတ်တဲ့ ကလေးတွေအနေနဲ့ နှစ်စဥ် ရာသီတုပ်ကွေးကာကွယ်ဆေးတွေ ထိုးထားမယ်ဆိုပါက အာသီးရောင်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

က္က