ဘီလ်ဘာအိုတိုက်စစ်မှူး အီနာကီဝီလျံစ်ကတော့ အသင်းရဲ့ ကလေးပရိသတ်တွေအတွက် သူ့ရဲ့ ဘောင်းဘီပါ ချွတ်ပြီး လက်ဆောင်ပေးခဲ့တဲ့အထိကို ရက်ရောခဲ့ပါတယ်။ ဂါနာဖွားတိုက်စစ်မှူးဟာ ဘီလ်ဘာအိုရဲ့ အဓိကတိုက်စစ်မှူးဖြစ်ပြီး ဂီတာဖေးနဲ့ ၂ဂိုးစီ သရေကျခဲ့တဲ့ပွဲအပြီးမှာ ကလေးပရိသတ်တွေကို သူ့ရဲ့ ရက်ရောမှုနဲ့အတူ ပျော်ရွှင်စေခဲ့တာပါ။
အသက် ၂၉ နှစ်အရွယ် ဝီလျံစ်ဟာ ဆမ်မာမီးစ်ကွင်းထဲကနေ ပြန်ထွက်ချိန်မှာတော့ အတွင်းခံဘောင်းဘီတိုလေးသာ ကျန်တော့တာပါ။ ဘီလ်ဘာအိုမှာတော့ သူက လူကြိုက်များတဲ့ ကစားသမားတဦးဖြစ်ပြီး ပရိသတ်တွေကို အခုလိုမျိုး လုပ်ပေးခဲ့တာကလည်း သူ့ကို ပိုပြီးတော့ အားပေးမှုတွေ တိုးပွားလာစေခဲ့ပါတယ်။
ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့လာခဲ့တဲ့ ရုပ်သံဖိုင်မှာတော့ ဝီလျံစ်ဟာ အစောပိုင်းမှာ သူ့ရဲ့ အပေါ်ဂျာစီကို ကလေးတဦးအတွက် ပေးခဲ့တာပါ။ ဒါပေမယ့် အနားဝန်းကျင်က ကလေးပရိသတ်တွေကလည်း သူတို့ပါ လိုချင်တာကြောင့် ဝိုင်းဝန်းတောင်းဆိုခဲ့ကြပြီး ဝီလျံစ်က အောက်ခံအကျီကိုပါ ထပ်ပေးခဲ့ပါတယ်။
ဒါနဲ့တင်မကသေးဘဲ ဘာမှရသေးတဲ့ ကလေးတဦးက ဘောင်းဘီပါပေးဖို့ တောင်းဆိုခဲ့ချိန်မှာတော့ သူက လုံး၀ငြင်းဆန်ခြင်းမရှိဘဲ ချွတ်ပေးခဲ့ကာ အတွင်းခံဘောင်းဘီတိုနဲ့ ကွင်းထဲကနေ ပြန်ထွက်သွားခဲ့ပါတယ်။ သူ့ရဲ့ ရက်ရောမှုနဲ့ တွန့်တိုမှု၊ငြင်းဆိုမှု လုံး၀မရှိတာကို ပရိသတ်တွေကလည်း ချီးကျူးနေကြပါတယ်။
ဝီလျံစ်ဟာ ဘီလ်ဘာအိုအတွက် လက်ရှိမှာလည်း ခြေစွမ်းပြနေသူဖြစ်ပြီး နောက်ဆုံးကစားခဲ့တဲ့ ၃ပွဲဆက်တိုက် ဂိုးသွင်းပေးထားနိုင်ခဲ့ပါတယ်။ ဒီရာသီမှာ သူက အသင်းအတွက် လာလီဂါ ၇ ပွဲကစားပေးထားပြီးချိန်မှာ ၄ ဂိုးသွင်း၊ ၂ ကြိမ်ဖန်တီးထားပြီး ခြေစွမ်းပြနေကာ အဓိကတိုက်စစ်မှူးအဖြစ် နေရာအပိုင်စား ရယူထားဆဲလည်းဖြစ်ပါတယ်။