ကလေးတွေ ကျောင်းပြန်မတက်ချင်တဲ့ ပြဿနာက ကျောင်းထွက်နှုန်းတွေ ပိုပြီး မြင့်မားစေနိုင်တာကို ကြုံ ရနိုင်ပါတယ်။

ကိုဗစ်ကပ်ရောဂါဟာ မြန်မာနိုင်ငံက ကလေး သူငယ်ပေါင်း (၁၂) သန်းကို တစ်နှစ်ကျော်ကြာအောင် စာသင်ကျောင်းများနဲ့ ကင်းကွာစေခဲ့ပြီးဖြစ်သလို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်းကြုံရတဲ့ လက်ရှိအကြပ်အတည်းက ကလေးသူငယ်များရင်ဆိုင်နေကြရတဲ့ စိန်ခေါ်မှုတွေကို ပိုမိုကြီးမားစေခဲ့ပြီလို့ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂ ကလေးသူငယ်များ ရံပုံငွေအဖွဲ့ UNICEF ကဖော်ပြထားပြီးဖြစ်ပါတယ်၊

Photo: UNICEF Myanmar

မြန်မာနိုင်ငံက ကလေးသူငယ်ပေါင်းများစွာဟာ စနစ်တကျစီစဥ်ထားတဲ့ သင်ယူနိုင်မှုကို ဆုံးရှုံးနေရဆဲဖြစ်ပြီး ဘေးကင်းကင်းနဲ့ စဉ်ဆက်မပြတ် ပညာသင်ယူနိုင်တဲ့ အခွင့်အရေးတွေလည်း ခြိမ်းခြောက်ခံနေရတယ်လို့ UNICEF ကဆိုပါတယ်။ အခုချိန်မှာ ကလေးတွေဟာ စာသင်ကျောင်းတွေနဲ့ ဝေးနေတဲ့အပြင် နိုင်ငံတွင်း မတည်ငြိမ်မှုတွေကြောင့် ကလေးအများစုဟာ စဥ်ဆက်မပြတ် သင်ကြားခြင်းတွေ မရတော့တဲ့အခြေအနေကို ရောက်နေကြရပြီလို့ Nway Oo Homeschooling က ဆိုပါတယ်။

စဥ်ဆက်မပြတ်သင်ကြားရေးနဲ့ ဝေးကွာြခင်းကြောင့် နောက်ဆက်တွဲအကျိုးဆက်အနေနဲ့ ဘာတွေ ဖြစ်လာနိုင်ပါသလဲ။

Photo: UNICEF Myanmar

ကလေးတွေ စာသင်ခန်းတွေဆီ ပြန်မလာချင်တော့တာ 

၂ နှစ်နီးပါး ကျောင်းတွေ ပိတ်ထားလိုက်ပေမယ့် အွန်လိုင်းကနေ သင်ယူတာ၊ အိမ်မှာ မိဘက သင်ပေးတာမျိုးတွေ ရှိထားတဲ့ ကလေးတွေကတော့ စဥ်ဆက်မပြတ်သင်ကြားခြင်းနဲ့ မဝေးကွာနိုင်ပါဘူး။ ဒါပေမယ့် ကလေးတိုင်းတော့ ဒီလိုသင်ယူနိုင်တဲ့ အခြေအနေမှာ မရှိနိုင်ပါဘူး။ ကလေးအများစုဟာ ကျောင်းစာသင်ခန်းနဲ့ ဝေးတဲ့အပြင် စဥ်ဆက်မပြတ်သင်ကြားခြင်းတွေပါ မရတော့တဲ့အခါ အကျိုးသက်ရောက်မှုက တစ်နှစ်၊နှစ်နှစ်အတွင်းမှာ ထင်သာမြင်သာ မရှိနိုင်သေးပါဘူး။ ဒါပေမယ့် ရေရှည်မှာတော့အကျိုးဆက်က သိသာထင်ရှားလာနိုင်ပါတယ်။ 

ရေရှည်အကျိုးဆက်အနေနဲ့ ကျောင်းတွေ ပြန်ဖွင့်လည်း ကျောင်းကို ပြန်မတက်ချင်တော့တာ၊ ကျောင်းမှာ စာသင်တာမျိုးကို မလုပ်ချင်ကြတော့မျိုးဖြစ်တတ်ပါတယ်။ နောက်ပြီး ကျောင်းပိတ်ထားတဲ့အခါ အခြားအလုပ်တွေ လုပ်ရင်း ငွေကို လွယ်လွယ်နဲ့ ရသွားတဲ့အခါမျိုးမှာ ကျောင်းတက်လည်း ဘာမှမထူးဘူးဆိုတဲ့အတွေးမျိုးနဲ့ အေးအေးချမ်းချမ်းစာသင်ပြီး နေရတာမျိုးကို မလုပ်ချင်တော့တာမျိုးတွေ ဖြစ်နိုင်တယ်လို့ Nway Oo Homeschooling ကဆိုပါတယ်။

Photo: UNICEF Myanmar

ကျောင်းထွက်နှုန်းတွေ ပိုပြီးတိုးလာမယ် 

ကလေးတွေ ကျောင်းပြန်မတက်ချင်တဲ့ ပြဿနာက ကျောင်းထွက်နှုန်းတွေ ပိုပြီး မြင့်မားစေနိုင်တာကို ကြုံ ရနိုင်ပါတယ်။ မြန်မာနိုင်ငံဟာ ယခင်ကတည်းက‌ ကျောင်းထွက်မှုများတဲ့ နိုင်ငံဖြစ်ပြီး ကမ္ဘာ့ကုလသမဂ္ဂကမှ ထုတ်ပြန်တဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ အာရှမှာ ကျောင်းထွက်မှု အများဆုံးစာရင်းမှာ ပါဝင်နေတယ်လို့ သိရပါတယ်။ ကမ္ဘာမှာတော့ ကျောင်းထွက်မှု ဒုတိယအများဆုံးနိုင်ငံဖြစ်နေပြီး နှစ်စဥ် ကျောင်းသား ၁ သန်းခန့် ကျောင်းထွက်နေတယ်လို့ ကုလသမဂ္ဂအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အများအားဖြင့် အလယ်တန်းဖြေပြီး အထက်တန်းကို ရောက်လာတဲ့ ကျောင်းသားတွေ နည်းပါးပြီး အလယ်တန်းလောက် ရောက်လာပြီဆို အများစုက ပညာဆက်လက်မသင်ယူကြတော့တာ တွေ့ရပါတယ်။ အခုလိုကာလမှာဆို ကျောင်းထွက်နှုန်းက ပိုပြီးဆိုးဝါးနိုင်တဲ့ အခြေအနေကို ရောက်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။ ကျောင်းပြန်ဖွင့်မယ်ဆိုပါက ကလေးအများစုဟာ အကြောင်းမျိုးစုံကြောင့် ကျောင်းမအပ်နိုင်တော့တဲ့ အခြေအနေကို ရောက်နိုင်ပြီး ကျောင်းထွက်နှုန်းတွေက ယခင်ကထက်ပိုမိုများပြားနိုင်ပါတယ်။ 

Photo: UNICEF Myanmar

အခြေခံပညာအပြင်တက္ကသိုလ်အတန်းတွေလည်း ကျောင်းထွက်မှာစိုးရိမ်ရ

ပညာဆက်လက်မသင်ယူနိုင်တော့တဲ့အခြေအနေဟာ အခြေခံပညာကျောင်းသားတွေသာမကဘဲ တက္ကသိုလ်ကျောင်းသားအများစုမှာလည်း ကြုံရနိုင်ပါတယ်။ အခုချိန်မှာ ကျောင်းသားအများစုတွေးကြတာက “အလုပ်တွေပဲလုပ်တော့မယ် ကျောင်းဖွင့်မယ်ဆိုလည်း ပြန်မတက်တော့ဘူး “ ဆိုပြီး ဒီလိုပဲ ယူဆကြတာများမှာပါ။ တက္ကသိုလ်ကျောင်းသားတွေထဲမှာ ပထမနှစ်ကလေးတွေကတော့ ကျောင်းဆက်မတက်ဖို့ အစိုးရိမ်ရဆုံးဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုမှ တက္ကသိုလ်တက်ခါစမှာ တက္ကသိုလ်ပညာကိုဘယ်လိုသင်ယူရမလဲ ဘာကြောင့်သင်ယူသင့်တာလဲဆိုတာ ကောင်းကောင်းမသိသေးတာများပါတယ်။ 

စဥ်ဆက်မပြတ်သင်ကြား‌ရေးပျောက်ဆုံးသွားတဲ့ ပထမနှစ်တက္ကသိုလ်ကျောင်းသားတွေ

ဘွဲ့ရမှ အလုပ်ရမှာမို့ ကျောင်းလာတတ်တယ်လို့ဆိုတာထက် ဒီပညာရပ်ကို ဘယ်လိုမြတ်နိုးပြီး ဘယ်လိုလေ့လာသင့်တယ်။ အလုပ်ရသည်ဖြစ်စေ မရသည်ဖြစ်စေ ပညာဆိုတာ ဘယ်လိုမျိုးလေ့လာသင့်တယ် ဆိုတာမျိုးကို သိအောင် တက္ကသိုလ်မှာ ပြောပြသင်ကြားပေးထားဖို့ လိုပါတယ်။ အဲဒီလိုသင်ကြားပေးနိုင်ဖို့ဆိုတာ စာသင်နှစ်အလိုက်နဲ့ သွားရတာဖြစ်ပါတယ်။ တက္ကသိုလ်ပထမနှစ်ကလေးဆိုရင် သင်ယူခြင်းက အပေါ်ယံပဲ ရှိပါသေးတယ်။ တတိယနှစ် သို့မဟုတ် နောက်ဆုံးနှစ်လောက်ရောက်မှသာ တက္ကသိုလ်ပညာရပ်ကို ပိုပြီးတော့ သိလာမှာပါ။ တက္ကသိုလ်ပညာရပ် ဆိုတာ နှစ်အလိုက် တစ်ဆင့်ပြီးတစ်ဆင့် သင်ကြားသွားရတာဖြစ်ပါတယ်။ အသက်မွေးဝမ်းကြောင်း ပညာရပ်နဲ့မတူပါဘူး ။ တခါတလေမှာ အသုံးချဖို့ ဟုတ်ချင်မှ ဟုတ်ပါမယ်။ တွေးခေါ်တတ်ဖို့ အတွက်ပဲ သင်ယူရတာတွေ ရှိတတ်ပါတယ်။ အဲဒါမျိုးကို ကျောင်းသားက နားလည်သွားတော့မှသာ တက္ကသိုလ်ပညာကိုဆက်လက်သင်ယူလိုစိတ်ပြင်းထန်တတ်တဲ့ သဘော ရှိတတ်ပါတယ်။ ဒါပေမယ့် ပထမနှစ်ကျောင်းသားတွေမှာတော့ အခုအခါမှာ ပညာသင်ကြားခွင့် ပြတ်တောက်သွားတဲ့အတွက် သူတို့တွေက ဒီသဘောကို ကောင်းကောင်းနားမလည်သေးပါဘူး။ “ အဲဒီတော့ ကျောင်းဖွင့်လည်း အလကားပါပဲ။ အခုမှ ကျောင်းစတက်ရုံပဲ ရှိသေးတယ် ချက်ချင်းကြီးပိတ်သွားတာ ။ တော်ပါပြီ ပိုက်ဆံရတဲ့ အလုပ်ပဲ လုပ်ပါတော့မယ်” လို့ ဆိုတာမျိုး တွေးကောင်းတွေးနေနိုင်ပါလိမ့်မယ်။ အဲဒါက ဘာကြောင့်လဲဆိုတော့ တက္ကသိုလ်ပညာရပ်ကိုကောင်းကောင်းနားမလည်ခင်မှာ ဒီလို ပြဿနာကိုကြုံခဲ့ရလို့ ဖြစ်ပါတယ်။ 

ဒါပေမယ့် နှစ်ကြီး တက္ကသိုလ်ကျောင်းသားတွေကတော့ ဒီပညာရပ်ကို ကျောင်းမဖွင့်ထားလည်း အခြားနေရာမှာ ဘယ်လို ရအောင်ယူမလဲဆိုတာ ပိုပြီးသိမြင်နိုင်တဲ့အတွက် သူတို့တွေကတော့ သင်ကြား‌ရေးမှာအဆက်မပြတ် ရှိနေနိုင်ပါတယ်။ အခုမှတက္ကသိုလ်စတက်တဲ့ ပထမနှစ်၊ ဒုတိယနှစ်ကလေးတွေကတော့ ဘယ်လိုဆက်လက်သင်ကြားရမလဲဆိုတာကို မသိတာမျိုးဖြစ်တတ်ပါတယ်။

ပညာရေးနဲ့ဝေးကွာသွားတဲ့အခါ စိုးရိမ်ရတဲ့အတန်းများ

ပညာသင်ကြားရေးနဲ့ဝေးကွာသွားပြီလို့ဆိုလိုက်တာနဲ့ အတန်းတိုင်းလိုလိုမှာ စာသင်ကြားနေတဲ့ ကလေးအားလုံးဟာ တပြေးညီစိုးရိမ်ရတဲ့ အခြေအနေဖြစ်ပါတယ်။ အရေးကြီးဆုံးကတော့ အစပြုရမယ့် အတန်းတွေက ပိုအရေးကြီးနိုင်ပါတယ်။ ဥပမာ KG တန်း၊ အလယ်တန်းကို အစပျိုးမယ့် ၅ တန်း ၆ တန်း၊ အလယ်တန်းပြီး အထက်တန်းကိုစတက်မယ့် ၉တန်း ၊ ၁၀ တန်း၊ တက္ကသိုလ်ပညာရေးကိုစတင်သွားမယ့် ပထမနှစ်လို အတန်းမျိုးတွေ စသဖြင့် ကြီးကြီးမားမားကူးပြောင်းရတဲ့ အတန်းတွေက ပိုပြီး သတိပြု ဂရုစိုက်ရမှာဖြစ်ပါတယ်။

သတင်းဆောင်းပါးပါအချက်အလက်များသည် Nway Oo Homeschooling မှ ဆွေးနွေးအကြံပြုမျှဝေထားခြင်းဖြစ်ပါသည်။


Share

Loading Next Article...
က္က