ဒေါ်လာ ၁၉၀၀ တန် ကလေးစီး Tesla Cyberquad ယာဉ်ကို ဘေးကင်းရေးစံချိုးဖောက်မှုရှိတယ်ဆိုပြီး ဈေးကွက်က ပြန်သိမ်းနေပါတယ်။
Tesla Cyberquad for Kids ဟာ ကလေးတွေအတွက် ရည်ရွယ်ပြီး လေးဘီးတပ် လမ်းမျိုးစုံစီး ATV ယာဉ်တစ်မျိုး ဖြစ်ပြီး ဒီယာဉ်ဟာ လူငယ်တွေအတွက် ATV ဖက်ဒရယ် ဘေးကင်းရေးစံချိန်စံညွှန်းတွေကို ချိုးဖောက်ခဲ့တယ်ဆိုပြီး အမေရိကန်ပြည်ထောင်စု စားသုံးသူထုတ်ကုန်ဘေးကင်းရေးကော်မရှင် (CPSC) အမိန့်နဲ့ ဈေးကွက်က ပြန်သိမ်းခဲ့တာပါ။ ဈေးကွက်ထဲမှာ ရောင်းချထားတဲ့ Cyberquad for Kids ယာဉ်ပေါင်း ၅၀၀၀ ဝန်းကျင် အသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။
Photo: InsideEVs
Cyberquad for Kids ကို Radio Flyer ဆိုတဲ့ အမေရိကန်ကစားစရာထုတ်လုပ်တဲ့ ကုမ္ပဏီက ထုတ်လုပ်ပေးထားတာပါ။ လမ်းကြမ်းတွေမှာ ယာဉ်နဲ့ ယာဉ်ပေါ်ပါလူတွေ မထိခိုက်အောင် အနိမ့်အမြင့် ချိန်ညှိပေးမယ့် Suspension စနစ် နဲ့ တာယာရဲ့ အမြင့်ဆုံးဖိအားက ကိုက်ညီမှုလည်း မရှိဘူးလို့ ကော်မရှင်က ဆိုပါတယ်။ ဒီထက်ပို အရေးကြီးတာက Cyberquad for Kids ဟာ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် လိုအပ်တဲ့ ATV ထောက်ခံချက်ရ လုပ်ထုံးအစီအမံ ပါမလာဘူးလို့ ဆိုပါတယ်။
အမေရိကန်မှာ တည်ဆောက် ၊ တင်သွင်း ၊ ရောင်းချ ဖြန့်ဖြူးတဲ့ ATVs တွေမှာ ATV ထောက်ခံချက်ရ လုပ်ထုံးအစီအမံလိုပါတယ်။ ဈေးကွက်ထဲက ပြန်ရုပ်သိမ်းကြောင်း CPSC က ကြေညာလိုက်ပြီးနောက် ဒီယာဉ်ကို ထုတ်လုပ်တဲ့ Radio Flyer က ယာဉ်ဝယ်ခဲ့သူတွေကို ဒေါ်လာ ၁၉၀၀ အပြည့်အဝ ငွေပြန်အမ်းမှာ ဖြစ်လို့ motor controller ချက်ချင်း အပ်နှံဖို့လည်း ပြောထားပါတယ်။ motor controller ပြန်အပ်တာနဲ့ တခြားအစိတ်အပိုင်းတွေ ဖယ်ရှားတာအတွက် ကုန်ကျစရိတ်တချို့ကိုလည်း ပြန်ထုတ်ပေးဖို့ ရှိပါတယ်။
Cyberquad for Kids မော်ဒယ်တွေ နောက်ပိုင်း ဈေးကွက်ထဲ ပြန်ဝင်ရောက်လာမလားဆိုတာတော့ မသိရသေးပါဘူး။ ကလေးတွေအတွက် အထူးထုတ်ထားတဲ့ ဒီလေးဘီးတပ်ယာဉ်ဟာ အများဆုံး ပေါင် ၁၅၀ လေးတဲ့ အလေးချိန်ကို သယ်ဆောင်နိုင်ပြီး Full-Steel ဖရိမ် ၊ ကူရှင်ခုံ ၊ 500W လျှပ်စစ်မော်တာ ၊ နောက်ဘက် Disk ဘရိတ်စနစ် ၊ LED အလင်းဘားတန်းတို့ သုံးထားပါတယ်။ အသက် ၈ နှစ်နဲ့ အထက် ကလေးတွေ စီးနင်းနိုင်မယ့် ယာဉ်ဖြစ်တယ်လို့ Tesla က ကြေညာခဲ့ပါတယ်။
Photo : Engadget
လစ်သီယံအိုင်းယွန်း 288Wh ဘက်ထရီစွမ်းအင်သုံးထားပြီး ဒီဘက်ထရီနဲ့ ခရီးမိုင် ၁၅ မိုင်အထိ မောင်းနှင်နိုင်မှာပါ။ တစ်ကြိမ်အားအပြည့်သွင်းနိုင်ဖို့ ၅ နာရီ ကြာမြင့်ပြီး အမြင့်ဆုံး မြန်နှုန်း ၁ နာရီ ၁၀ မိုင်နှုန်းအထိ ရှိပေမယ့် ကလေးတွေ ဘေးကင်းစေဖို့ Top Speed ကို ၅ မိုင်နှုန်း သတ်မှတ်ထားနိုင်အောင်လည်း စီစဉ်ထားခဲ့တာပါ။ မကြာသေးခင်က သတင်းတွေအရ အသက် ၃၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ အသက် ၈ နှစ်အရွယ်ကလေးငယ်တို့ အတူ Cyberquad စီးကြရာကနေ တိမ်းမှောက်ပြီး ပခုံးပွန်းပဲ့ပေါက်ပြဲသွားခဲ့တယ်လို့ ဆိုပါတယ်။
Tesla ဟာ ၂၀၁၇ ခုနှစ်ကတည်းက တည်ဆောက်ခဲ့တဲ့ Model 3 လျှပ်စစ်ကားတွေမှာ ထိုင်ခုံခါးပတ်ပြဿနာရှိနိုင်ခြေကြောင့် ရောင်းထားတဲ့အထဲက အစီးရေ ၂၄၀၀၀ ကို ပြန်သိမ်းနေတယ်လို့လည်း သိရပါတယ်။