ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ဘန်ဇီမာဟာ ဆော်ဒီကနေ ကမ်းလှမ်းမှုတွေ ရရှိထားတယ်လို့ သိရပြီး အသင်းကထွက်ခွာဖို့အတွက် စဉ်းစားနေပြီလို့ မက်ဒရစ်သတင်းတွေက ဖော်ပြခဲ့ပါတယ်။ လာမယ့်ရာသီမှာ ပုံမှန်ကစားခွင့်ရဖို့ အာမခံချက်နည်းပါးလာတာ၊ အသက်အရွယ်ကြောင့် ခြေစွမ်းကျဆင်းပြီး ဒဏ်ရာထိခိုက်မှုများပြားလာတာတွေကြောင့် ဘန်ဇီမာက အသင်းပြောင်းရွှေ့ဖို့ကို အာရုံကျလာခဲ့ပြီဖြစ်ပါတယ်။
စပိန်သတင်းဌာန Relevo ရဲ့ ဖော်ပြချက်အရ ဆော်ဒီဘက်က ကမ်းလှမ်းမှုမှာ တရာသီကို လစာငွေယူရိုသန်း ၁၀၀ နဲ့ ၂ရာသီစာချုပ်၊ ပုံရိပ်အသုံးပြုခနဲ့ ကြော်ငြာခ၊ ကလေးတွေအတွက် ကျောင်းတက်နိုင်ဖို့ပါ စီစဉ်ပေးမယ်ဆိုတဲ့ ကမ်းလှမ်းချက်တွေ ပါဝင်တယ်လို့ သိရပါတယ်။ ဘယ်အသင်းလဲဆိုတာကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။
ဒီရာသီမှာ ဘန်ဇီမာက အသင်းအတွက်ပြိုင်ပွဲစုံသွင်းဂိုး ၂၀ ကျော် ရရှိခဲ့ပေမယ့်လည်း ဒဏ်ရာကြောင့် မကြာခဏဆိုသလို အနားယူနေခဲ့ရပါတယ်။ အသက်အရွယ်ကြောင့်လည်း ပွဲချိန်ပြည့်ကစားနိုင်ဖို့ အခက်အခဲတွေရှိလာခဲ့ပြီး လာမယ့်ရာသီမှာ ရီးရဲလ်က တိုက်စစ်မှူးသစ်တဦး ခေါ်ယူကာ သူ့နေရာကို အစားထိုးဖို့လည်း စီစဉ်နေပါတယ်။
ဘန်ဇီမာအနေနဲ့ ဆော်ဒီကို ပြောင်းရွှေ့မယ်ဆိုရင် ရီးရဲလ်အသင်းဖော်ဟောာင်း ရော်နယ်ဒိုနဲ့ ပြန်လည် ဆုံတွေ့နိုင်မှာပါ။ ပြိုင်ဘက်တွေအဖြစ်နဲ့လား၊ အသင်းဖော်တွေအဖြစ်နဲ့လားဆိုတာကတော့ ကမ်းလှမ်းမယ့်အသင်းပေါ် မူတည်နေပါတယ်။ ဆော်ဒီကလပ်တွေဟာ ဘန်ဇီမာအပြင် မက်ဆီ၊ မိုဒရစ်၊ တိုနီခရူးစ်တို့လို ဝါရင့်ကစားသမားတွေကိုလည်း စိတ်ဝင်စားနေပြီး မက်ဆီအတွက် ကမ်းလှမ်းမှုကို အနည်းဆုံး အသင်း ၃ သင်းလောက်က ပြုလုပ်ထားပါတယ်။