ကလေးမိဘတွေကြောက်ကြတဲ့ အဆုတ်ရောင်ပြင်းထန်ရောဂါနဲ့ ပတ်သက်ပြီး ကူးစက်မလာအောင် ကာကွယ်ထားလို့ မရနိုင်ဘူးလားလို့ မေးနေကြတဲ့ မိဘတွေအတွက် ကလေးအဆုတ်ရောင်ရောဂါကို ဘယ်လိုနည်းလမ်းတွေနဲ့ ကာကွယ်ထားလို့ ရနိုင်မလဲဆိုတာကို ပြောပြပေးသွားချင်ပါတယ်။
သက်ဆိုင်ရာကာကွယ်ဆေးတွေကို အသက်အလိုက်ထိုးနှံထားခြင်း
ဒီအဆုတ်ရောင်နမိုးနီးယားရောဂါကို ဖြစ်စေတဲ့ ရောဂါပိုးတွေ ဗိုင်းရပ်စ်ပိုးတွေကို ကာကွယ်နိုင်တဲ့ ပြင်းထန်အဆုတ်ရောင် ရောဂါ ကာကွယ်ဆေး ၊ တီဘီကာကွယ်ဆေး ၊ကြက်ညှာချောင်းဆိုး ကာကွယ်ဆေး ၊ ဝက်သက်ကာကွယ်ဆေးနဲ့ ရာသီတုပ်ကွေး ကာကွယ်ဆေး ဒီကာကွယ်ဆေးတွေကတော့ အဆုတ်ရောင်ရောဂါမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။
မိခင်နို့ရည်ကိုသာ အသက်၆လထိတိုက်ကျွေးခြင်း
ကလေးတွေအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေဟာ မိခင်နို့ကနေ အများဆုံး ရရှိတာဖြစ်တဲ့အတွက် မိခင်နို့ရည်တစ်မျိုးတည်းကိုသာ ကလေး ၆ လအထိ တိုက်ကျွေးပေးမယ်ဆိုရင် ကူးစက်တတ်တဲ့ ရောဂါတွေကနေ ကလေးကို ကာကွယ်ပေးပြီးသားဖြစ်သွားမှာပါ။
လုံလောက်တဲ့ အာဟာရဓာတ်ပြည့်ဝအောင် ကျွေးခြင်း
ကလေး ၆လပြည့်ပြီဆိုရင်တော့ ဖြည့်စွက်အာဟာရတွေကျွေးလို့ရပါပြီ။ အထူးသဖြင့် အစာစားနိုင်တဲ့ အရွယ်ကလေးတွေကို အစာအုပ်စု (၃) ခု ပြည့်ဝအောင် ကျွေးမွေးသင့်ပါတယ်။ အာဟာရဓာတ်ပြည့်ဝမှသာ ကိုယ်ခံအားကောင်းမွန်မှာဖြစ်ပြီး ရောဂါတွေ ကူးစက်မှုကိုလည်း ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။
အိမ်တွင်းလေထုညစ်ညမ်းမှု မရှိအောင် ထားခြင်း
ကလေးရှိတဲ့ မိဘတွေအနေနဲ့ ကိုယ့်ရဲ့ အိမ်မှာ လေထုညစ်ညမ်းမှုမရှိအောင် ဂရုစိုက်ထားသင့်ပါတယ်။ အိမ်တွင်းမီးစက်မောင်းတာ ၊ ဖယောင်းတိုင်ထွန်းတာ ၊ အမွှေးတိုင်ထွန်းတာ နဲ့ ခြင်ဆေးခွေထွန်းတာတွေကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။ အိမ်တွင်းလေထုညစ်ညမ်းမှုက အဆုတ်နဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို ဖြစ်ပွားစေပါတယ်။ လေဝင်လေထွက်ကောင်းအောင် လုပ်ထားပေးဖို့ လိုပါတယ်။
ကလေးရှိတဲ့ အိမ်တွင်းမှာ ဆေးလိပ်သောက်ခြင်းကို ရှောင်ရှားဖို့ လိုပါတယ်။ လူဝင်လူထွက်များတဲ့အိမ် ၊ လူနေထူထပ်တဲ့အိမ် ဆိုရင်လည်း တတ်နိုင်သမျှ တကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်ဖို့ အိမ်သန့်ရှင်းရေးကို ဂရုစိုက်ဖို့ကလည်း ကူးစက်ရောဂါကို လျော့ချဖို့ နည်းလမ်းပါပဲ။
ရောဂါဖြစ်ပွားနေသူနဲ့ ခပ်ခွာခွာနေခိုင်းခြင်း
ကလေးအဆုတ်ရောင်ပြင်းထန်ရောဂါဟာ ကူးစက်အရမ်းမြန်တဲ့အတွက် ကိုယ့်ရဲ့ ကလေးကို တခြားဖျားနာနေတဲ့ ကလေးနားမရှိစေအောင် သတိထားဂရုစိုက်ဖို့လိုပါတယ်။ ကျောင်းခန်းထဲမှာ နေမကောင်းသူတွေ ရှိခဲ့မယ်ဆိုရင် ကျောင်းမသွားခိုင်းတာ ၊ အပြင်သွားမယ်ဆိုရင် Mask တပ်ခိုင်းတာ၊ အပြင်က ပြန်လာပြီဆိုရင် ခြေလက်သန့်စင်ခိုင်းတာမျိုးတွေ ပြုလုပ်သင့်ပါတယ်။
ဒီအချက်တွေကို သေချာလိုက်နာမယ်ဆိုရင် အဆုတ်ရောင်ပြင်းထန်ရောဂါကူးစက်မှုကို ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။
ဖော်ပြပါသတင်းဆောင်းပါးပါ အချက်အလက်များသည် Duwun Health Talk အစီအစဉ်မှ အထွေထွေရောဂါကုဆရာဝန် ဒေါက်တာမွန်မြတ်ထွန်း ရဲ့ အကြံပြုချက်များကို ကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။