သရုပ်ဆောင်ယွန်းယွန်းဟာ ငယ်ငယ်က အတူတွဲသရုပ်ဆောင်ခဲ့ဖူးတဲ့ သူငယ်ချင်းတွေ တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ်တွေ မရှိကြတော့ဘူးလို့ဆိုပါတယ်။
ယွန်းယွန်းကတော့ ကလေးသရုပ်ဆောင် ဘဝကတည်းက ဇာတ်ကားတွေ အတူတူရိုက်ခဲ့ကြတဲ့ သူငယ်ချင်းတွေကို သတိရမိတယ်လို့ဆိုပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် လျှောက်တဲ့လမ်းတွေက မတူတာကြောင့် အဆက်အသွယ်တွေလည်း ပြတ်နေပြီလို့ Duwun Media ကနေ ဖြေဆိုခဲ့ပါတယ်။
“ ညီမတို့ ကလေးသရုပ်ဆောင်တွေကလေ ပြန်ဆုံကြတယ်ဆိုတာ နည်းပါတယ်။ တစ်ယောက်တစ်လိုင်းစီ ခွဲထွက်သွားတာပေါ့နော်။ အကုန်လုံးက ပညာရေး၊ စီးပွားရေး၊ သီချင်း ဒီလိုတွေ တစ်လိုင်း စီဖြစ်ကုန်တာ။ ရွေးချယ်တဲ့ လမ်းတွေကလည်း မတူတဲ့အတွက် မဆုံကြတော့ဘူး။ ပွဲတွေမှာ ဆုံရင်လည်း ခဏပဲ၊ အဆက်အသွယ်တွေလည်း ပြတ်နေကြတာပေါ့။ တချို့ဆို အရွယ်ကြီးမှ ဒီလောကထဲ ပြန်ဝင်လာကြတာတွေလည်းရှိတယ်။ ညီမကတော့ ငယ်ငယ်တုန်းက အတူတွဲသရုပ်ဆောင်ခဲ့တဲ့ သူတွေ ဒီလောကထဲမှာပဲ အလုပ်တွေ ဆက်လုပ်နေကြတယ်ဆိုရင် ပျော်ပါတယ်” လို့ သူကဆိုပါတယ်။
Photo: Yoon Yoon
လက်ရှိမှာတော့ ယွန်းယွန်းဟာ ခေါင်းဆောင်မင်းသမီးအနေနဲ့ ရုပ်သံဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်ကားကြီးတွေ ရိုက်ကူးဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။
“ ညီမက အခုဆိုရင် ကလေးသရုပ်ဆောင်ကနေပြီးတော့ လူကြီးသရုပ်ဆောင်အဖြစ် သရုပ်ဆောင်ခွင့်ရတယ်။ ဒီအချိန်မှာလည်း အနုပညာအလုပ်တွေ ပြန်လုပ်ခွင့်ရတယ်ဆိုတာကလည်း ပရိသတ်တွေရဲ့ အားပေးမှုကြောင့်ပါ။ သူတို့ အားမပေးပဲနဲ့တော့ ဘယ်လောက် ဝါသနာပါ ပါစေ လုပ်ခွင့်ရမှာ မဟုတ်ဘူး။ သမီးရဲ့ အနုပညာအလုပ်တွေကို စောင့်ကြည့်ဝေဖန်ပေးကြတဲ့အတွက်လည်း ကျေးဇူး အများကြီးတင်ပါတယ်” ဆိုပြီးတော့ Shwe Series မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။
Photo: Yoon Yoon
ဆံပင်ရှည်ရှည် ပါးချိုင့်ကလေးနဲ့ ချစ်စရာမျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ သူကတော့ ကလေး သရုပ်ဆောင်ဘဝကတည်းက ပရိသတ်တွေရဲ့ အချစ်ကို ရရှိထားတဲ့ ယွန်းယွန်းပါ။ ယွန်းယွန်းဟာ ငယ်စဉ်ကတည်းက အနုပညာနဲ့ ပတ်သက်ပြီး ဝါသနာကြီးခဲ့သူ တစ်ယောက်ဖြစ်သလို ပညာရေးပိုင်းမှာလည်း ထူးချွန်သူတစ်ဦးဖြစ်ပါတယ်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ ဂုဏ်ထူးနှစ်ဘာသာနဲ့ ထူးချွန်အောင်မြင်ခဲ့သလို တက္ကသိုလ်မတက်ခင် အချိန်မှာလည်း ABE Business Management ကို တက်ရောက်ခဲ့ပါသေးတယ်။