စာချုပ်သစ် မကြာမီအချိန်အတွင်း ချုပ်ဆိုနိုင်ဖွယ်ရှိနေပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ အက်ရှ်လေယန်းနဲ့ ၁ နှစ်သက်တမ်းတိုးစာချုပ်သစ် ချုပ်ဆိုခဲ့ပြီးနောက် နောက်ထပ်ကွင်းလယ်ကြယ်ပွင့်ကစားသမားဖြစ်တဲ့ ဟာရဲရားနဲ့ စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နှစ်ကတည်းက ဟာရဲရား၊ အက်ရှ်လေယန်းတို့ရဲ့ကိုယ်စားလှယ်တွေနဲ့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး စာချုပ်သစ်ချုပ်ဆိုနိုင်ခြင်းမရှိခဲ့ဘူးဆိုရင် ယခုရာသီကုန်မှာ အလွတ်ထွက်ခွာခွင့်ပြုရမှာဖြစ်ပါတယ်။

ဟာရဲရားဟာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်က အက်သလက်တစ်ဘီလ်ဘာအိုအသင်းကနေ ပေါင် ၂၉ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ပေါ့ဂ်ဘာ၊ မာတစ်တို့နဲ့အတူ အသင်းရဲ့ပထမပွဲထွက်ကစားသမားအဖြစ် ကစားနိုင်ကြောင်း ပြသလိုတဲ့အတွက် အသင်းမှာ ဆက်လက်ရှိနေလိုသူဖြစ်ပါတယ်။

ဟာရဲရားနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ ဆွေးနွေးမှုဟာ ကောင်းမွန်စွာဆက်လက်လုပ်ဆောင်နေတယ်လို့ ယုံကြည်ရပြီး အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဟာရဲရားက ၎င်းရဲ့အနာဂတ်ဟာ အိုးထရက်ဖို့ဒ်မှာဖြစ်ကြောင်း ပြသဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့တနင်္ဂနွေနေ့က လက်စတာစီးတီးအသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာ စာချုပ်အခြေအနေနဲ့ပတ်သက်ပြီး သတင်းထောက်တွေက မေးမြန်းခဲ့ရာ အခုလို ပြန်လည်ဖြေကြားသွားခဲ့ပါတယ်။

“စာချုပ်သစ်နဲ့ ကျွန်တော် ထိုက်တန်မယ်ဆိုရင် ကျွန်တော် စာချုပ်သစ် ချုပ်ဆိုရပါလိမ့်မယ်။ လွန်ခဲ့တဲ့ ၂ နှစ်လောက်က တစ်နှစ်တာအကောင်းဆုံးကစားသမားဆု ကျွန်တော် ရခဲ့ဖူးပါတယ်။ ကျွန်တော် မလိမ်ညာနိုင်ပါဘူး။ အဲဒီအချိန်မှာ အရမ်းကောင်းမွန်တဲ့ခံစားချက်ရရှိခဲ့ပါတယ်။ ကျွန်တော် နဂိုပုံစံအတိုင်းရှိနေတယ်လို့ ခံစားနေရပြီး အများကြီးလည်းပြေးနိုင်ပါတယ်။ ဘောလုံးကိုလည်း ပြန်လည်ရယူနိုင်ပါတယ်။ ကျွန်တော့်ခြေထောက်ထဲမှာ ဘောလုံးရှိနေတဲ့အခါမှာ အရမ်းကောင်းမွန်တဲ့ခံစားချက် ခံစားရပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က