လေကြောင်းခရီးစဥ်တွေမှာ ၂၀၂၁ ခုနှစ်အတွင်း စတင်အသုံးပြုသွားရန် ရည်ရွယ်ထားပါတယ်။

ကမ္ဘာ့အကြီးဆုံး အင်ဂျင်နှစ်လုံးတပ် ဂျက်လေယာဥ် ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်းမှုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရပါတယ်။

(Photo: Terray Sylvester/Reuters)

Boeing လေယာဥ်ကုမ္ပဏီရဲ့ 777X လေယာဥ် ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်းမှုကို ဇန်နဝါရီ ၂၅ ရက်နေ့ ဒေသစံတော်ချိန် မနက် ၁၀ နာရီ ၉ မိနစ်က ဆီယက်တဲလ်မြို့အပြင်ဘက်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး မွန်းလွဲ ၂ နာရီမှာ မြေပြင်သို့ ပြန်လည်ဆင်းသက်ခဲ့ကြောင်း သိရပါတယ်။ ယခု သီတင်းပတ်အစောပိုင်းက Boeing 777X လေယာဥ် စမ်းသပ်ပျံသန်းရန် နှစ်ကြိမ် စီစဥ်ခဲ့သေးပေမဲ့ လေပြင်းများတိုက်ခတ်မှုကြောင့် အစီအစဥ် ဖျက်သိမ်းခဲ့ရပါတယ်။



(Photo: Terray Sylvester/Reuters)

Boeing ရဲ့ အဆိုအရ ယခုလေယာဥ်ကို ရှေ့ပြေးစမ်းသပ်ပျံသန်းမှုတွေ လအတန်ကြာ လုပ်ဆောင်သွားမှာဖြစ်ပြီး ၂၀၂၁ ခုနှစ်အတွင်း Emirates လေကြောင်းလိုင်းရဲ့ လေယာဥ်အုပ်စုမှာ အသုံးပြုရန် စီစဥ်ထားကြောင်းလည်း သိရပါတယ်။ စမ်းသပ်ပျံသန်းခဲ့တဲ့ လေယာဥ်ဟာ Boeing ရဲ့ အောင်မြင်ခဲ့တဲ့ 777 mini-jumbo အမျိုးအစားထက် ပိုမိုကြီးမားပါတယ်။ ၂၅၂ ပေရှည်တဲ့ ယခုလေယာဥ်ကြီးရဲ့ တရားဝင်အမည်ကို 777-9 လို့ သတ်မှတ်သွားမှာ ဖြစ်ပါတယ်။ သို့သော် လေယာဥ်တည်ဆောက်နေစဥ် သုံးနှုန်းခေါ်ဝေါ်ခဲ့ကြတဲ့ 777X အမည်ဖြင့်သာ ပိုမို လူသိများပါတယ်။

(Photo: Terray Sylvester/Reuters)

777X လေယာဥ် ၃၀၉ စီးကို ရောင်းချထားပြီးဖြစ်တယ်လို့ Boeing က ဆိုပါတယ်။ Boeing က ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်းခဲ့တဲ့ ကမ္ဘာ့အကြီးဆုံး အင်ဂျင်နှစ်လုံးတပ် လေယာဥ် 777X တစ်စီးရဲ့တန်ဖိုးက အမေရိကန်ဒေါ်လာ ၄၄၂ သန်းဖြစ်ကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။

Boeing က 777X လေယာဥ်ကို ပြိုင်ဘက် Airbus ကုမ္ပဏီက လတ်တလော မိတ်ဆက်ခဲ့တဲ့ A350-100 အမျိုးအစား ‌လေယာဥ်နဲ့ ယှဥ်ပြိုင်သွားရန် ရည်ရွယ်တည်ဆောက်ခဲ့တာလည်း ဖြစ်ပါတယ်။ Airbus A350-100 လေယာဥ်မှာ ခရီးသည် ၃၆၀ လိုက်ပါနိုင်ကြောင်း သိရပါတယ်။ ကမ္ဘာ့လေယာဥ်ဈေးကွက်မှာ Boeing နဲ့ Airbus တို့ကြား ဈေးကွက်ယှဥ်ပြိုင်မှုတွေ အကြိတ်အနယ်ရှိနေခဲ့ပါတယ်။

.


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က