ဒေါ်လာ သန်း ၈၀ ကျော်ဖိုး ခိုးယူခံရတဲ့ ဆိုက်ဘာအမှုအတွက် ဘင်္ဂလားဒေ့ချ် ဗဟိုဘဏ်အနေနဲ့ဖိလစ်ပိုင်ဘဏ်ဖြစ်တဲ့ Rizal Commercial Banking Corp (RCBC) ကို အမေရိကန်တရားရုံးမှာ စွဲချက်တင်ထားတယ်လို့ဆိုပါတယ်။
Photo: The Daily Star
ဒီအမှုဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀၁၆ ခုနှစ်က အမည်မသိရတဲ့ ဟက်ကာတစ်ဖွဲ့ကနေ နယူးယော့ခ်မှ Federal Reserve Bank မှာ ထားထားတဲ့ ဘင်္ဂလားဒေ့ချ် ဗဟိုဘဏ်အကောင့်ကနေ SWIFT ငွေပေးစနစ်သုံးပြီး ဒေါ်လာ ၈၁ သန်း ခိုးယူသွားခဲ့တဲ့အမှု ဖြစ်ပါတယ်။
ဒီငွေတွေကို ဖိလစ်ပိုင် နိုင်ငံ မနီလာအခြေစိုက် RCBC ဘဏ်ထဲက အကောင့်တွေဆီ လွဲှပြောင်းပေးခဲ့ပြီးနောက် ဖိလစ်ပိုင်နိုင်ငံက ကာဆီနိုလောင်းကစားဝိုင်းတွေထဲမှာ ပျောက်သွားခဲ့တာပါ။ ဘင်္ဂလားဒေ့ချ် ဗဟိုဘဏ် ဥက္ကဌ ဖေဇယ် ကာဘာရ်ကတော့ ဒီအမှုကို နယူးယော့ခ် တောင်ပိုင်းခရိုင် တရားရုံးမှာ စွဲချက်တင်ထားကြောင်း အတည်ပြုခဲ့ပါတယ်။
"သွားမယ့် process ကတော့ စုံပြီ။ ဘင်္ဂလားဒေ့ချ်ဘက်ကလည်း နယူးယော့ခ် ဖက်ထရယ်ဘဏ်နဲ့အင်္ဂါနေ့ညကပဲ ဒီကိစ္စမှာ ပူးပေါင်းကူညီပေးဖို့သဘောတူ လက်မှတ်ရေးထိုးထားပါတယ်။ " လို့သူက ပြောပါတယ်။
RCBC ဟာ အစောပိုင်းက ဒီဆိုက်ဘာဓါးပြမှုဟာ ဘဏ်ထဲက အတွင်းလူရဲ့ လက်ချက်လို့ပြောခဲ့ပါတယ်။ ဖိလစ်ပိုင်တရားရုံးကလည်း ယခုလထဲမှာ RCBC ရဲ့ ဘဏ်ခွဲမန်နေဂျာဟောင်း မိုင်ယာဒီဂစ်တိုကို ငွေကြေးခဝါချမှု ၈ ခုနဲ့ အရေးယူခဲ့ပါတယ်။ ဘင်္ဂလားဒေ့ချ် ဗဟိုဘဏ် ဆိုက်ဘာဓါးမြမှုလည်း ပါဝင်တဲ့ ဒီအမှုတွေဟာ တစ်မှုကို ထောင်ဒဏ် ၄ နှစ်ကနေ ၇ နှစ်အထိ ကျခံစေနိုင်တဲ့ အမှုတွေ ဖြစ်လို့သူမကို ထောင်ဒဏ် ၃၂ နှစ်ကနေ ၅၆ နှစ်အထိ ကျခံစေဖို့အမိန့်ချထားတာပါ။
Photo: bullfax
ဒါ့အပြင် ငွေဒဏ်အနေနဲ့ဒေါ်လာ ၁၀၉ သန်း လည်း ပေးဆောင်စေဖို့အမိန့်ချမှတ်ထားခံရသူ ဖြစ်ပါတယ်။ သူမဟာ ဘဏ်မန်နေဂျာဘဝက RCBC ဘဏ်ခွဲမှာ ဒေါ်လာ ၈၁ သန်း ခွဲထုတ်စဉ်က တာဝန်ကျခဲ့သူလည်း ဖြစ်ပါတယ်။ WannaCry Ransomware တိုက်ခိုက်မှု အကြီးအကျယ် ဖြစ်ပွားစဉ် ၂၀၁၇ ခုနှစ်ကတော့ ဘင်္ဂလားဒေ့ချ်ဗဟိုဘဏ်ထဲက ငွေတွေကို ခိုးသွားတဲ့ အဖွဲ့ဟာ မြောက်ကိုရီးယားနောက်ခံ Lazarus Group က ဟက်ကာတွေ ဖြစ်မယ်လို့ယူဆခဲ့ကြပါတယ်။
ဖိလစ်ပိုင် ဗဟိုဘဏ်ကလည်း ငွေကြေး အကာအကွယ်မပေးနိုင်မှုကြောင့် ၂၀၁၆ ထဲမှာ RCBC ကို ပီဆို ၁ ဘီလျံ (ဒေါ်လာ ၂၀ သန်း ) ဒဏ်ရိုက်ခဲ့ပြီး RCBC ငွေထိန်းနဲ့တစ်ခြား ဝန်ထမ်း ၅ ဦးလည်း ငွေကြေး ခဝါချမှုနဲ့အမှုရင်ဆိုင်နေရပါတယ်။ အခိုးခံရတဲ့ ငွေသန်း ၈၀ ကျော်ထဲက ဒေါ်လာ ၁၅ သန်းပဲ ပြန်သိမ်းဆည်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။