အမြတ်အစွန်းရဖို့ ရုန်းကန်နေရတဲ့ Lime စကူတာအငှားဝန်ဆောင်မှုလုပ်ငန်းဟာ ဝန်ထမ်း ၁၀၀ ခန့် အလုပ်ဖြုတ်ခဲ့သလို ဈေးကွက် ၁၂ နေရာကနေလည်း ထွက်ခွာသွားတော့မယ်လို့ ဆိုပါတယ်။
Lime ကုမ္ပဏီဟာ ဝန်ထမ်းအင်အားရဲ့ ၁၄% ခန့်ကို လျှော့ချပြီး လက်ရှိ ဈေးကွက်ထဲက ၁၂ နေရာမှာလည်း လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းမယ်လို့ ကြေညာခဲ့တာပါ။ Engadget သတင်းအရ အမေရိကန်မြို့တွေဖြစ်တဲ့ အတ္တလန်တာ ၊ ဖီးနစ် ၊ ဆန်ဒီယာဂို နဲ့ ဆန်အန်တိုနီယို ၄ မြို့နဲ့ ဩစတြေးလျက လင့်ဇ်မြို့ ၊ လက်တင်အမေရိကက ဘိုဂိုတာ ၊ ဗျူးနော့အဲရီးစ် ၊ မွန်တီဗွီဒီယို ၊ လီမာ ၊ ပွာတိုဗယ်လာတာ ၊ ရီယိုဒီဂျနေယိုး နဲ့ ဆာပေါ်လိုမြို့တွေမှာ လည်ပတ်နေတဲ့ Lime ဝန်ဆောင်မှုတွေ ဖျက်သိမ်းမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
Photo: Tech Crunch
ဝန်ထမ်းအင်အားလျှော့ချခြင်းနဲ့ ဈေးကွက်တစ်ချို့က နှုတ်ထွက်ခြင်းကြောင့် Lime အနေနဲ့ ၂၀၂၀ မှာ ရေရှည်သွားနိုင်မယ်လို့ မျှော်လင့်ကြောင်း ကုမ္ပဏီရဲ့ ဥက္ကဌ ဂျိုးကရူးစ်က ကုမ္ပဏီဝက်ဘ်ဆိုက်မှာ ရေးထားပါတယ်။ "ကျွန်တော်တို့ ၂၀၂၀ အတွက် ယုံကြည်မှုရှိပါတယ်။ Lime ဟာ အမြတ်အစွန်းရတဲ့ ပထမမျိုးဆက်စကူတာကုမ္ပဏီ ဖြစ်လာမှာပါ"
Lime ဟာ ၂၀၁၇ ခုနှစ်က စတင်တည်ထောင်လိုက်တဲ့ စက်ဘီးအငှားကုမ္ပဏီတစ်ခု ဖြစ်ပြီး ၂၀၁၈ အရောက်မှာ လျှပ်စစ်စကူတာအငှားလုပ်ငန်းဘက်ကို ပိုပြီး အာရုံစိုက်ခဲ့ပါတယ်။ ယာဉ်ကြောကျပ်နေတဲ့ မြို့ကြီးတွေမှာ မြို့တွင်းခရီးတိုသွားလာရေးအတွက် ဝန်ဆောင်မှုသစ်အဖြစ် မိတ်ဆက်လိုက်တဲ့ Lime နဲ့ Bird စကူတာအငှားကုမ္ပဏီတွေဟာ Uber နဲ့ Lyft တို့ထက် ပိုမိုတွင်ကျယ်မှု မြန်ဆန်ခဲ့ပေမယ့် အမြတ်အစွန်း ပြဿနာနဲ့ ရုန်းကန်နေရပါတယ်။
Photo: Engadget
လျှပ်စစ်စကူတာတွေဟာ ပျောက်ဆုံးပျက်စီးမှုတွေ ဖြစ်ခဲ့ပြီး ပစ္စည်းအစားထိုးလဲရတဲ့ စရိတ်စကကလည်း ကြီးမြင့်ပါတယ်။ စကူတာများ အားသွင်းဖို့အတွက် ကုန်ကျစရိတ်မြင့်မားပြီး ဘေးကင်းစိတ်ချရမှုအပိုင်းမှာလည်း အားနည်းနေပါတယ်။ Lime အပါအဝင် စကူတာကုမ္ပဏီတွေဟာ ဈေးကွက်ကနေ တဖွဲဖွဲ နှုတ်ထွက်နေကြပါတယ်။
Uber နဲ့ Skip တို့ဟာ ဆန်ဒီယာဂိုဈေးကွက်က ထွက်ခွာခဲ့သလို Lyft ကလည်း စကူတာအငှားဝန်ဆောင်မှုလုပ်နေတဲ့ ဈေးကွက် ၆ နေရာမှာ ဝန်ဆောင်မှုတွေ ဖျက်သိမ်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ တစ်နှစ်ခန့်အတွင်း Lime ဟာ ဈေးကွက်သစ် ၆၉ ခုထဲ ဝင်ရောက်ခဲ့ပြီး အနည်းဆုံးဈေးကွက် ၁၁ နေရာက ထွက်ခွာခဲ့သလို ၂၀၁၈ နဲ့ ၂၀၁၉ အကြားမှာလည်း ပြိုင်ဘက်စကူတာကုမ္ပဏီ Bird ဟာ ဈေးကွက် ၃၈ နေရာက ထွက်ခွာခဲ့ပြီး ဈေးကွက်သစ် ၃၆ နေရာမှာ လုပ်ငန်းစတင်ခဲ့ပါတယ်။