သမိုင်းတစ်လျှောက် ကမ္ဘာ့အကြီးဆုံး ရွေးကောက်ပွဲဖြစ်တဲ့ အိန္ဒိယနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲ မဲပေးမှုတွေကို ယနေ့ (ဧပြီ ၁၁ ရက်) စတင်လိုက်ပြီဖြစ်ပါတယ်။
(Photo: AFP)
နိုင်ငံရဲ့ အောက်လွှတ်တော်သစ်ရွေးချယ်ကြမယ့် အိန္ဒိယ အထွေထွေရွေးကောက်ပွဲကို ဧပြီ ၁၁ ရက်မှ မေ ၁၉ ရက်အတွင်း အဆင့် ၇ ဆင့်ဖြင့် မဲပေးကြတာဖြစ်ပါတယ်။ ယနေ့ စတင်ခဲ့တဲ့ ပထမအဆင့် မဲပေးမှုကို ပြည်နယ်နဲ့ ဒေသ ၂၀ ရှိ မဲဆန္ဒနယ်မြေ ၉၁ ခုမှာ ပြုလုပ်ကြကြောင်း သိရပါတယ်။ ရွေးကောက်ပွဲရဲ့ မဲဆန္ဒနယ်မြေ စုစုပေါင်းဟာ ၅၄၃ ခုဖြစ်ပြီး ကျန်ရှိတဲ့ မဲဆန္ဒနယ်မြေတွေမှာ မဲပေးမှုတွေကို ဧပြီ ၁၈၊ ၂၃၊ ၂၉ ရက်များနဲ့ မေ ၆၊ ၁၂၊ ၁၉ ရက်တို့မှာ ဆက်လက် ပြုလုပ်သွားမှာဖြစ်ပါတယ်။
(Photo: TVCNews)
ယနေ့ပြုလုပ်တဲ့ ပထမအဆင့် မဲပေးမှုမှာ မဲဆန္ဒရှင် ၁၄၂ သန်းက မဲပေးခဲ့ကြပါတယ်။ ၎င်းတို့အနက် ပထမဆုံးအကြိမ် လိင်တူစုံမက်သူတွေအဖြစ် ရွေးကောက်ပွဲမှာ တရားဝင်မှတ်ပုံတင်ကာ မဲပေးခဲ့သူ ၇,၇၆၄ ဦး ပါဝင်ခဲ့တယ်လို့ဆိုပါတယ်။ ရွေးကောက်ပွဲ မဲရေတွက်မှုတွေကို လာမယ့် မေ ၂၃ ရက်မှာ ပြုလုပ်သွားရန် သတ်မှတ်ထားပါတယ်။
ယခု ကျင်းပပြုလုပ်နေတဲ့ အန္ဒိယ အထွေထွေရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူ သန်း ၉၀၀ ရှိပြီး ကမ္ဘာပေါ်မှာ အကြီးဆုံးရွေးကောက်ပွဲအဖြစ် ပထမဆုံးအကြိမ် မြင်တွေ့ကြရတာလည်း ဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ မဲရုံပေါင်းတစ်သန်းဖြင့် မဲပေးနိုင်ရန် ဆောင်ရွက်ထားပါတယ်။
အိန္ဒိယရွေးကောက်ပွဲမှာ အောက်လွှတ်တော်အမတ်နေရာ ၅၄၃ နေရာကို မဲပေးရွေးချယ်ကြပြီး ပါတီ သို့မဟုတ် ညွန့်ပေါင်းအုပ်စုတစ်ခုက အစိုးရဖွဲ့စည်းနိုင်ရန် အနည်းဆုံး လွှတ်တော်အမတ် ၂၇၂ ဦး လိုအပ်ကြောင်း သိရပါတယ်။
(လက်ရှိဝန်ကြီးချုပ် မိုဒီနဲ့ အဓိကပြိုင်ဘက် ရာအူးဂန္ဒီ) (Photo: AFP)
ယနေ့ ပြုလုပ်ခဲ့တဲ့ အထွေထွေရွေးကောက်ပွဲ မဲပေးမှုစစ်တမ်းတွေအရ လက်ရှိဝန်ကြီးချုပ် မိုဒီကို လူကြိုက်များနေတယ်လို့ ဆိုပါတယ်။ အသက် ၆၈ နှစ်အရွယ် မိုဒီရဲ့ ဟိန္ဒူအမျိုးသားရေးဝါဒီ Bharatiya Janata Party (BJP) ပါတီက ၂၀၁၄ ခုနှစ် ရွေးကောက်ပွဲမှာ လွှတ်တော်အမတ်နေရာ ၂၈၂ နေရာမှာ အနိုင်ရခဲ့ပါတယ်။
(Photo: Getty Images)
ယခု အထွေထွေရွေးကောက်ပွဲမှာတော့ BJP ပါတီကို ဒေသခံ ပါတီတွေနဲ့ ရာအူးလ်ဂန္ဒီ ဦးဆောင်တဲ့ တစ်ကျော့ပြန် Congress ပါတီတို့က အဓိက စိန်ခေါ်မှုတွေရှိနေခဲ့ပါတယ်။ ရာအူးလ်ဂန္ဒီရဲ့ ဖခင်၊ အဘွား၊ အဘွားရဲ့ဖခင်တို့ဟာ အိန္ဒိယဝန်ကြီးချုပ်ဟောင်းတွေ ဖြစ်ခဲ့ကြပါတယ်။ ရာအူးလ်ဂန္ဒီရဲ့ ညီမဖြစ်သူ ပရီယန်ကာဂန္ဒီကလည်း ယခုနှစ် ဇန်နဝါရီလမှာ နိုင်ငံရေးနယ်ပယ်သို့ ဝင်ရောက်လာခဲ့ကြောင်း BBC သတင်းမှာ ဖော်ပြပါတယ်။
ဆက်စပ်သတင်း - ရွေးကောက်ပွဲမှာ ပါတီမှားပြီး မဲပေးမိတဲ့ အိန္ဒိယအမျိုးသား ကိုယ့်လက်ညှိုးကိုယ်ဖြတ်ပစ်