4500mAh ဘက်ထရီသုံး ဖုန်းတစ်လုံးကို ၁၅ မိနစ်အတွင်းအားအပြည့်သွင်းနိုင်မယ့် Quick Charge 5 နည်းပညာသစ်ကို Qualcomm မှ မိတ်ဆက်လိုက်ပါတယ်။
Quick Charge 5 ဟာ အရင် မျိုးဆက် Quick Charge 4 ထက် သိသိသာသာ အဆင့်မြှင့်တင်ထားပြီး 100W အထိ ပံ့ပိုးထားတယ်လို့ Qualcomm က ကြေညာပါတယ်။ Qualcomm ရဲ့ နောက်ဆုံးပေါ် နည်းပညာသစ်ဟာ Quick Charge 4 ထက် စွမ်းအင်ထိရောက်မှု ၇၀% ပိုကောင်းပြီး အားသွင်းရာမှာ ၄ ဆပိုမြန်မှာပါ။
Photo: The Verge
အားသွင်းမြန်တဲ့အပြင် ဘက်ထရီဘေးကင်းရေးအတွက် အားသွင်းနေချိန်မှာ အရင်ဗားရှင်းတွေထက် အပူချိန်ကို ၁၀ ဒီဂရီဆဲစီးယပ်စ် ပိုအေးအောင် လုပ်ဆောင်ထားတယ်လို့ The Verge သတင်းမှာ ဖော်ပြထားပါတယ်။ Quick Charge 5 နည်းပညာဟာ 4500mAh ဘက်ထရီတစ်လုံးကို အားလုံးဝ မရှိရာကနေ ၅၀% အားဝင်ဖို့ ၅ မိနစ်ပဲ ကြာမြင့်ပြီး ၁၅ မိနစ်နဲ့ အားအပြည့်သွင်းနိုင်မယ်လို့ ဆိုပါတယ်။
ဘက်ရီအား ၅၀% အောက် ရှိနေချိန်မှာ ၆ စက္ကန့်တိုင်း ၁% ဘက်ထရီပါဝါတက်အောင်လည်း စီစဉ်ထားပါတယ်။ Dual Charge နည်းပညာသစ် သုံးထားတာကြောင့် ဘက်ထရီကို 2250mAh cell နှစ်ခုအဖြစ် ခွဲပြီးအားသွင်းမှာ ဖြစ်သလို အားသွင်းနေစဉ်အတွင်း ဗို့အားနဲ့ လျှပ်စီးကြောင်း level ကို ပိုပြီး ထိန်းချုပ်ပေးနိုင်ဖို့ အဆင့်မြှင့်ထားတဲ့ USB PD-PPS စံကို သုံးထားပါတယ်။
Photo: The Verge
Qualcomm ဟာ အားသွင်းအထိန်းချပ်စ်နှစ်မျိုးဖြစ်တဲ့ SMB1396 နဲ့ SMB1398 တို့ကိုလည်း မိတ်ဆက်ပြသခဲ့ပါတယ်။ ဒီ ချပ်စ်သစ်တွေဟာ 1Cell နဲ့ 2 Cell ဘက်ထရီတွေမှာ သုံးနိုင်ပြီး Wired နဲ့ Wireless အသွင်းနှစ်မျိုးစလုံး ပံ့ပိုးပေးနိုင်မှာ ဖြစ်ပါတယ်။ Snapdragon 865 နဲ့ Snapdragon 865+ chipset တွေမှာ Quick Charge 5 ပံ့ပိုးထားပေမယ့် SMB chips သစ်ပါတဲ့ စမတ်ဖုန်းတွေမှ အသုံးပြုနိုမှာ ဖြစ်ပါတယ်။
၂၀၂၀ တတိယသုံးလပတ်အတွင်း Quick Charge 5 နည်းပညာကို စမတ်ဖုန်းတွေမှာ သုံးလာဖို့ ကုမ္ပဏီက မျှော်လင့်ထားပါတယ်။