ကမ္ဘာ့အရပ်အမြင့်ဆုံး ရုပ်တုကြီးကို အိန္ဒိယနိုင်ငံမှာ တည်ဆောက်ပြီးစီးတော့မယ်လို့ ဆိုပါတယ်။ ပေ ၆၀၀ မြင့်တဲ့ အဆိုပါ ရုပ်တုကြီးကို အိန္ဒိယလွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့ သူရဲကောင်းတစ်ဦးဖြစ်သူ ဆာဒါး ဗဲလ်လက်ဘ်ဘိုင် ပတ်တဲလ် (Sadar Vallabhbhai Patel) အထိမ်းအမှတ်အဖြစ် ဂူဂျာရတ်ပြည်နယ်မှာ တည်ဆောက်နေခဲ့တာ ဖြစ်ပါတယ်။
ဆာဒါးရုပ်တုကြီးကို သရုပ်ဖော်ထားသည့်ပုံ (Photo: Statue of Unity)
ဆာဒါးရုပ်တုကြီးမတိုင်မီ လက်ရှိ ကမ္ဘာ့အမြင့်ဆုံးမှာ တရုတ်နိုင်ငံရှိ ဉာဏ်တော် ၄၁၉.၉ ပေရှိတဲ့ ဗုဒ္ဓရုပ်ပွားတော် (Spring Temple Buddha) ဖြစ်တယ်လို့ သိရပါတယ်။
အိန္ဒိယမှ ဆာဒါးရုပ်တုကြီးကို တည်ဆောက်မှု ကုန်ကျစရိတ်ဟာ အမေရိကန်ဒေါ်လာ သန်း ၄၃၀ (အိန္ဒိယရူပီး ၂၉.၉ ဘီလီယံ) ဖြစ်ပြီး ဝန်ကြီးချုပ်မိုဒီ စိတ်ကြိုက်စီမံကိန်းတစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။
တည်ဆောက်ပြီးစီးတော့မည့် ဆာဒါးရုပ်တုကြီး (Photo: AFP)
စည်းလုံးခြင်းရုပ်တု 'Statue of Unity' လို့ ခေါ်ဝေါ်ကြတဲ့ ဆာဒါးရုပ်တုကြီးကို လာမယ့် အောက်တိုဘာ ၃၁ ရက်မှာ ဝန်ကြီးချုပ်မိုဒီက အခမ်းအနားဖြင့် ထုတ်ဖော်ပြသသွားမှာ ဖြစ်ပါတယ်။ ဆာဒါးဟာ ၁၉၄၇ ခုနှစ်မှာ အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရခဲ့ပြီးနောက် လက်ထောက်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ပါတယ်။
အမျိုးသားရေးဝါဒီဖြစ်တဲ့ ဆာဒါးကို အိန္ဒိယရဲ့သံလူသား 'Iron Man of India' လို့လည်း သိထားကြပါတယ်။ လွတ်လပ်ရေးရပြီးနောက် ဆာဒါးက ရန်ငြိုးရန်စတွေ များပြားနေခဲ့တဲ့ ပြည်နယ်တွေကို စည်းလုံးညွတ်ညွတ်စေပြီး အိန္ဒိယနိုင်ငံရဲ့ အစိတ်အပိုင်းများ ဖြစ်လာစေခဲ့ပါတယ်။
ရုပ်တုတည်ဆောက်ရေး လုပ်ငန်းခွင်ကို ၂၀၁၇ ခုနှစ်အတွင်း ဝန်ကြီးချုပ်မိုဒီ လာရောက်ကြည့်ရှုခဲ့စဉ် (Photo: Modi Twitter)
ဝန်ကြီးချုပ်မိုဒီက ၂၀၁၃ ခုနှစ်မှာ မဲဆွယ်စည်းရုံးမှု ပြုလုပ်ခဲ့စဉ်အတွင်း 'အိန္ဒိယနိုင်ငံသားတိုင်းက ဆာဒါးပတ်တဲလ် နိုင်ငံရဲ့ဝန်ကြီးချုပ် ဖြစ်မလာခဲ့တာကို ဝမ်းနည်းကြပါတယ်' လို့ ပြောခဲ့ဖူးပါတယ်။ ဆာဒါးပတ်တဲလ်ကို ဟိန္ဒူအမျိုးသားရေးဝါဒီတွေက လေးစားမြတ်နိုးကြပါတယ်။
ကြေးညိုဖုံးထားတဲ့ ဆာဒါးရုပ်တုကြီးကို ၂၀၁၃ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့ရှိ လွတ်လပ်ရေးရုပ်တု 'Statue of Liberty' ထက် နှစ်ဆနီးပါး ပိုမြင့်ကြောင်းလည်း သိရပါတယ်။
Infographic: Statue of Unity
ဆာဒါးရုပ်တုကြီး တည်ဆောက်ထားရှိတဲ့နေရာဟာ အိန္ဒိယအနောက်ဘက်စွန်းရှိ ဂူဂျာရတ်ပြည်နယ်အတွက် ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်နိုင်တဲ့ နေရာတစ်ခုဖြစ်လာမယ်လို့ မျှော်လင့်ထားပါတယ်။
ရုပ်တုကြီးရဲ့ ရင်ဘတ်နေရာအနီး ၅၀၁ ပေအမြင့်မှာ ပတ်ဝန်းကျင်ရှုခင်းကြည့် နေရာတစ်ခုလည်း ပါဝင်ပါတယ်။ ဆာဒါးရုပ်တုကြီးနဲ့ ကပ်လျက်နေရာမှာ စားသောက်ဆိုင်နဲ့ အစည်းအဝေးခန်းမတွေ ပါဝင်တဲ့ အခန်း ၁၂၈ ခန်းပါ ကြယ်သုံးပွင့်အဆင့် ဟိုတယ်တစ်ခုလည်း တည်ဆောက်ထားမယ်လို့ ဆိုပါတယ်။
Photo: AFP
ဆာဒါးရုပ်တုကြီးဟာ ဂူဂျာရတ်ပြည်နယ်ရဲ့ အဓိကမြို့ဖြစ်တဲ့ အလာဟာဘတ်မြို့မှာ မိုင် ၁၅၀ ခန့်အကွာမှာ တည်ရှိကြောင်း သိရပါတယ်။ ရုပ်တုကြီးကို အချိန်မီပြီးစီးနိုင်ရန် ရာနဲ့ချီတဲ့ တရုတ်နိုင်ငံမှ ရွှေ့ပြောင်းလုပ်သားများ အပါအဝင် အလုပ်သမား ၂,၅၀၀ ကျော်ဖြင့် တည်ဆောက်လျက်ရှိပါတယ်။