သရုပ်ဆောင်ဘက်မှာလည်း ထူးချွန်သလို ဂီတဘက်မှာလည်း ဝါသနာကြီးသူဖြစ်တဲ့ ဇဏ်ခီက သူလေးစားအားကျခဲ့ရတဲ့ ဂီတာနတ်ဘုရားလို့ တင်စားကြတဲ့ Jimi Hendrix အကြောင်းကို သီချင်းရေးဖွဲ့ထားပါတယ်တဲ့။ ဇဏ်ခီက တစ်ကိုယ်တော်အခွေထွက်ဖို့လည်း ပြင်ဆင်နေသူပါ။
သရုပ်ဆောင် ဇဏ်ခီဟာ သူလေးစားအားကျရတဲ့ ကမ္ဘာကျော်အဆိုတော် Jimi Hendrix နဲ့ပတ်သက်ပြီး သီချင်းရေးထားတယ်လို့ဆိုပါတယ်။ Jimi Hendrix ရဲ့ အကြောင်းကိုလည်း နှစ်အတော်ကြာ စိတ်ဝင်တစား လေ့လာခဲ့ရပါတယ်တဲ့။
‘’အခုချိန်ထိ ကမ္ဘာဂီတလောကမှာ ဘိုးတော်တစ်ပါးလိုကိုးကွယ်ရတဲ့ ဂစ်တာနတ်ဘုရား အရင်က ဘာကြောင့်လဲဆိုတာကိုဘယ်လိုမှနားမလည်နိုင်ခဲ့ဘူး။ Jimi Hendrix ကိုနားလည်နိုင်ဖို့ ၄, ၅ နှစ်လောက် ကြိုးစားလိုက်ရတယ်။ သူ့အတွက်သီချင်းတစ်ပုဒ်ရေးထားသေးတယ် "ဂျင်မီ့အတွက်" ဆိုပြီး.. Satallite အိပ်မက်များ စီးရီးမှာတော့ ထည့်ဖြစ်အောင်ထည့်မယ်လို့ရည်ရွယ်ထားတယ်’’ ဆိုပြီးတော့ သူ့ရဲ့ Facebook စာမျက်နှာပေါ်မှာ မတ်လ ၁၆ ရက်နေ့ မနက် ၁၀ နာရီ ၅၀ မိနစ်က ရေးသားခဲ့တာဖြစ်ပါတယ်။
Photo: Jimi Hendrix
ဇဏ်ခီဟာ သရုပ်ဆောင်တစ်ယောက် မဖြစ်ခင်ကတည်းက ဂီတအလုပ်တွေ လုပ်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ သူ့အနေနဲ့ ‘’ဘဝခရီးသည်’’ သီချင်း၊ "Blaze Of Glory" သီချင်းတို့ကို ကိုယ်တိုင်ရေး ကိုယ်တိုင်သီဆိုခဲ့ပါတယ်။ အဲဒီနောက် အဆိုတော်မဒီရဲ့ နာမည်ကျော် သီချင်းတစ်ပုဒ်ဖြစ်တဲ့ ‘’ဒဏ္ဏာရီ’’ သီချင်းကိုလည်း ဇဏ်ခီက ရေးစပ်သီကုံးပေးထားတာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း တစ်ကိုယ်တော်အခွေ ထွက်ဖို့ ပြင်ဆင်ထားတယ်လို့လည်း Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။
Photo: Jimi Hendrix
ဇဏ်ခီ့ကိုတော့ ‘’ဥပါယ်တံမျဉ်’’ ရုပ်ရှင်ဇာတ်ကားကြီးကနေတဆင့် မြန်မာပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ‘’မုဒြာရဲ့ခေါ်သံ’’ ရုပ်ရှင်ဇာတ်ကားကြီးကလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့ပြီး အောင်မြင်မှုတွေ ပိုမိုပိုင်ဆိုင်ခဲ့သူပါ။ လက်ရှိမှာတော့ ဒါရိုက်တာခရစ္စတီးနားခီရိုက်ကူးတဲ့ ‘’ထာဝရနှောင်ကြိုး’’ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ သရုပ်ဆောင် ပိုင်ဖြိုးသုနဲ့အတူ ဇဏ်ခီက အဓိက သရုပ်ဆောင်အဖြစ် ပါဝင်နေတယ်လို့ သိရပါတယ်။
Photo: Zen Kyi
ဇဏ်ခီပါဝင်သရုပ်ဆောင်ထားတဲ့ မုဒြာရဲ့ ခေါ်သံ ရုပ်ရှင်ဇာတ်ကားကြီးဟာ အကယ်ဒမီစာရင်းဝင် နောက်ဆုံးဆန်ခါတင် ၁၀ ကားထဲမှာ ပါဝင်နေတာကို တွေ့ရပါတယ်။ အဲဒီနောက် Star Awards ဆုပေးပွဲအတွက် ဆန်ခါတင်ဇာတ်ကားတွေထဲမှာလည်း ဥပါယ်တံမျဉ်ရုပ်ရှင်ဇာတ်ကားကြီးနဲ့ မုဒြာရဲ့ခေါ်သံ ရုပ်ရှင်ဇာတ်ကား ၂ ကားစလုံး ပါဝင်နေတာကိုလည်း တွေ့ရပါတယ်။