၂၀၁၉ ခုနှစ် ကမ္ဘာတစ်ဝှမ်း လူနေမှုစရိတ်ဆန်းစစ်လေ့လာမှုကို ထုတ်ပြန်လိုက်ရာ စင်ကာပူ၊ ဟောင်ကောင်နဲ့ ပါရီတို့က ကမ္ဘာ့ဈေးအကြီးဆုံးမြို့များအဖြစ် ပူးတွဲရပ်တည်နေပါတယ်။
(ပါရီမြို့) (Photo: Ludovic Marin/AFP)
ယခုစစ်တမ်းကို Economist Intelligence Unit (EIU) က ကမ္ဘာတစ်ဝှမ်းမှ မြို့ပေါင်း ၁၃၃ မြို့မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ယနေ့ (မတ်လ ၁၉ ရက်) ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ နေထိုင်စားသောက်မှုအတွက် ကမ္ဘာ့ဈေးအကြီးဆုံးမြို့စာရင်းမှာ မြို့သုံးမြို့က ပူးတွဲရပ်တည်နေမှုဟာ EIU ဆန်းစစ်လေ့လာမှု သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ဖြစ်တယ်လို့ ဆိုပါတယ်။
(စင်ကာပူမြင်ကွင်းတစ်ခု) (Photo: Rosland Rahman/AFP/Getty Images)
ယမန်နှစ် EIU ဆန်းစစ်လေ့လာမှုမှာတော့ ပါရီနဲ့ ဟောင်ကောင်တို့က ဒုတိယနဲ့ စတုတ္တနေရာတို့မှာ ရပ်တည်ခဲ့ပါတယ်။ စင်ကာပူမြို့ကတော့ ပြီးခဲ့တဲ့ ငါးနှစ်အတွင်း ကမ္ဘာ့ဈေးအကြီးဆုံးမြို့အဖြစ် ရပ်တည်နေတာလည်းဖြစ်ပါတယ်။ EIU ဆန်းစစ်လေ့လာမှုအရ စင်ကာပူနဲ့ဟောင်ကောင်မှာ စားသောက်နေထိုင်မှုစရိတ်က နယူးယော့ခ်မြို့ထက် ၇ ရာခိုင်နှုန်း ပိုများတယ်လို့လည်း သိရပါတယ်။
(ဟောင်ကောင်မြင်ကွင်း) (Photo: Isaac Lawrence/AFP/Getty Images)
အာရှဒေသမှ စင်ကာပူ၊ ဟောင်ကောင်၊ အိုဆာကာနဲ့ ဆိုးလ်မြို့တို့က ယခုနှစ် EIU ဆန်းစစ်လေ့လာမှုအရ ကမ္ဘာ့ဈေးအကြီးဆုံး ထိပ်ဆုံး ၁၀ မြို့စာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ EIU ရဲ့ ၂၀၁၉ ခုနှစ် ကမ္ဘာတစ်ဝှမ်း လူနေမှုစရိတ်ဆန်းစစ်လေ့လာမှု (2019 Worldwide Cost of Living Survey) က မြို့အသီးသီးရှိ ထုတ်ကုန်နဲ့ ဝန်ဆောင်မှု ၁၆၀ မှ အမျိုးအစား ၄၀၀ ကျော်ရဲ့ ဈေးနှုန်းတွေကို နှိုင်းယှဉ်လေ့လာခဲ့တယ်လို့ ဆိုပါတယ်။
(နယူးယော့ခ်မြို့) (Photo: Drew Angerer/Getty Images)
EIU ဆန်းစစ်လေ့လာမှုမှာ အစားအသောက်၊ အဝတ်အထည်၊ အိမ်သုံးပစ္စည်းနဲ့ တစ်ကိုယ်ရည်အသုံးအဆောင်များ၊ ပုဂ္ဂလိကကျောင်းများ အစရှိတာတွေရဲ့ ဈေးနှုန်းတွေကို ဆန်းစစ်လေ့လာခဲ့ပါတယ်။ EIU ဆန်းစစ်လေ့လာမှုအရ ကမ္ဘာ့အဈေးအကြီးဆုံးမြို့များနည်းတူ ကမ္ဘာ့ဈေးအပေါဆုံးမြို့တွေကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။ ကမ္ဘာ့ဈေးအပေါဆုံးမြို့တွေကတော့ နိုင်ငံရေးမတည်ငြိမ်မှုနဲ့ စီးပွားရေးပျက်ယွင်းမှုတို့ကြောင့် ဖြစ်တယ်လို့ EIU က ပြောထားပါတယ်။
ကမ္ဘာ့ဈေးအကြီးဆုံးမြို့များ
၁။ စင်ကာပူ (စင်ကာပူနိုင်ငံ)
၁။ ပါရီ (ပြင်သစ်နိုင်ငံ)
၁။ ဟောင်ကောင် (တရုတ်နိုင်ငံ)
၄။ ဇူးရစ် (ဆွစ်ဇာလန်နိုင်ငံ)
၅။ ဂျီနီဗာ(ဆွစ်ဇာန်နိုင်ငံ)
၆။ အိုဆာကာ (ဂျပန်နိုင်ငံ)
၇။ ဆိုးလ် (တောင်ကိုရီးယားနိုင်ငံ)
၇။ ကိုပင်ဟေဂင် (ဒိန်းမိတ်နိုင်ငံ)
၇။ နယူးယော့ခ် (အမေရိကန်နိုင်ငံ)
၁၀။ တဲလ်အဗစ် (အစ္စရေးနိုင်ငံ)
၁၀။ လော့စ်အိန်ဂျလိစ် (အမေရိကန်နိုင်ငံ)
ကမ္ဘာ့ဈေးအပေါဆုံးမြို့များ
၁။ ကာရာကက်စ် (ဗင်နီဇွဲလားနိုင်ငံ)
၂။ ဒမတ်စကက် (ဆီးရီးယားနိုင်ငံ)
၃။ တက်ရှ်ကင့် (ဥဇဘက်ကစ္စတန်နိုင်ငံ)
၄။ အယ်လ်မတ်တီ (ကာဇက်စတန်နိုင်ငံ)
၅။ ဘင်္ဂါလူရူ (အိန္ဒိယနိုင်ငံ)
၆။ ကရာချိ (ပါကစ္စတန်နိုင်ငံ)
၇။ လာဂို့စ် (နိုင်ဂျီးရီးယားနိုင်ငံ)
၈။ ဗျူနိုအေရီစ် (အာဂျင်တီးနားနိုင်ငံ)
၉။ ချင်နိုင်း (အိန္ဒိယနိုင်ငံ)
၁၀။ နယူးဒေလီ (အိန္ဒိယနိုင်ငံ)
Source: BBC, CNN, CNA