ဗီယက်နမ် အခြေစိုက် ဟက်ကာတစ်ဖွဲ့ ဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်

ဂျာမန်နဲ့ တောင်ကိုရီးယား ကားကုမ္ပဏီကြီး နှစ်ခုဆီက ကုန်သွယ်ရေးလျှို့ဝှက်ချက်တွေ ရဖို့ ဆိုက်ဘာတိုက်ခိုက်မှု လုပ်နေတဲ့ ဟက်ကာတစ်ဖွဲ့ ရှိနေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

မြူးနစ်အခြေစိုက် Bayerischer Rundfunk သတင်းမှာ ဖော်ပြချက်အရ OceanLotus လို့ခေါ်တဲ့ ဟက်ကာတစ်ဖွဲ့ဟာ BMW ကားကုမ္ပဏီရဲ့ ကွန်ပျူတာကွန်ရက်တွေထဲ ဝင်ရောက်ဖို့ ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။ တောင်ကိုရီးယား ကားကုမ္ပဏီတစ်ခု ဖြစ်တဲ့ Hyundai လည်း အလားတူ တိုက်ခိုက်မှုမျိုးနဲ့ ကြုံနေတာပါ။

Photo: Flipboard


OceanLotus ဟာ APT32 ၊ Cobalt Kitty စတဲ့ နာမည်တွေနဲ့ လည်း သိထားတဲ့ ဟက်ကာတစ်ဖွဲ့ဖြစ်ပြီး ၂၀၁၄ ခုနှစ်ကတည်းလောက်က ရှိခဲ့တာ ဖြစ်ပါတယ်။ ဗီယက်နမ်အခြေစိုက်ဟက်ကာအဖွဲ့လို့ ယူဆထားပြီး Toyota နဲ့ Lexus တို့ကို ဆိုက်ဘာတိုက်ခိုက်မှု အမြောက်အများ လုပ်ခဲ့တဲ့ ဟက်ကာတစ်ဖွဲ့လို့လည်း သတ်မှတ်ထားပါတယ်။

OceanLotus အဖွဲ့ဟာ Cobalt Strike လို့ခေါ်တဲ့ tool ထည့်ပြီး ကွန်ပျူတာတွေကို အဝေးကနေ ထိန်းချုပ်နိုင်အောင် ကြိုးစားနေတာပါ။ ကွန်ရက်ထဲ ဝင်ခွင်ရတာဖို့အတွက် ဒီဟက်ကာတွေဟာ BMW နဲ့ Hyundai ဝက်ဘ်ဆိုက်အတုတွေ ဖန်တီးခဲ့ပါတယ်။ တကယ်လို့ ဟက်ကာတွေအနေနဲ့ ကွန်ရက်ထဲ ဝင်နိုင်မယ်ဆိုရင် အထဲက ဖိုင်တွဲတွေနဲ့ ဝင်ရောက်ခဲ့တဲ့ သူတွေကို ကြည့်နိုင်မှာပါ။



Photo: siliconangle

BMW ကတော့ ကုမ္ပဏီရဲ့ အရေးကြီး အချက်အလက်တွေ ပေါက်ကြားမှု မရှိကြောင်း နဲ့ ဟက်ကာတွေဟာ မြူးနစ်မှာ ရှိတဲ့ ဗဟိုအချက်အလက် စင်တာကို ချိုးဖောက်နိုင်မှာ မဟုတ်ကြောင်း အမည်မဖော်လိုသူ ဆိုက်ဘာလုံခြုံရေးကျွမ်းကျင်သူရဲ့ အဆိုကို ကိုးကားပြီး Engadget က ဖော်ပြထားပါတယ်။ ပြင်ပက ထိုးဖောက်ဝင်ရောက်လာတဲ့ တိုက်ခိုက်မှုတွေကို အမြန်သိရှိဖြေရှင်းနိုင်ပြီး တိုက်ခိုက်တဲ့ အကြိမ်ရေကို ကန့်သတ်နိုင်တဲ့ ဖွဲ့စည်းပုံနဲ့ လုပ်ငန်းစဉ်တွေ ရှိတယ်လို့ BMW ဘက်က ပြောပါတယ်။

Hyundai ဘက်ကတော့ မှတ်ချက်ပြု ပြောကြားခြင်း မရှိသေးပါဘူး။ BMW ဆိုက်ဘာလုံခြုံရေးအဖွဲ့ဟာ ဟက်ကာတွေရဲ့ ကွန်ရက်လမ်းကြောင်း ထိုးဖောက်မှုကို ပိတ်ဆို့ခဲ့ပြီး တိုက်ခိုက်ခံရတဲ့ ကွန်ပျူတာတွေကို ကွန်ရက်ချိတ်ဆက်မှု ဖြုတ်ချထားတယ်လို့ ဆိုပါတယ်။ Mercedes-Benz ၊ VW နဲ့ တစ်ခြား ကားကုမ္ပဏီကြီးတွေရော ဟက်ကာတွေရဲ့ ပစ်မှတ် ဖြစ်နေပြီလား မသိရသေးပါဘူး။

Share

Loading Next Article...
က္က