ကမ္ဘာစစ်ကြီးနှစ်ခုလုံးကို ဖြတ်ကျော်ပြီး ရှင်သန်ရပ်တည်နိုင်ခဲ့တဲ့ ကုမ္ပဏီကြီး ဖြစ်ပါတယ်။

သက်တမ်း ၁၇၈ နှစ်ရှိပြီဖြစ်တဲ့ ကမ္ဘာ့သက်တမ်းအရှည်ဆုံး ဗြိတိန်နိုင်ငံအခြေစိုက် ခရီးသွားလုပ်ငန်းအုပ်စု Thomas Cook Group ဘဏ္ဍာရေးအကြပ်အတည်းတွေကြောင့် ယနေ့ (စက်တင်ဘာ ၂၃ ရက်) ဒေဝါလီခံလိုက်ရပြီဖြစ်ကာ လုပ်ငန်းများအားလုံး ချက်ချင်းရပ်ဆိုင်းလိုက်ကြောင်း သိရပါတယ်။

(Photo: Rick Findler/PA)

Thomas Cook ကုမ္ပဏီဟာ ခရီးသွားဝန်ဆောင်မှုအပြင် လေကြောင်းလိုင်းလုပ်ငန်းကိုလည်း လုပ်ကိုင်နေတာဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံ မြို့ပြလေကြောင်းပျံသန်းရေး အာဏာပိုင်အဖွဲ့ (Civil Aviation Authority - CAA) က ခရီးသွားလုပ်ငန်းအုပ်စု Thomas Cook ရဲ့ ဝန်ဆောင်မှုလုပ်ငန်းများကို ချက်ချင်း ရပ်ဆိုင်းလိုက်ကြောင်း အတည်ပြုခဲ့ပါတယ်။



Thomas Cook အုပ်စုရဲ့ ဘဏ္ဍာရေးအကြပ်အတည်းကို ဖြေရှင်းပြီး ကုမ္ပဏီကို ကယ်တင်နိုင်ရန် နောက်ဆုံးအချိန် ဆွေးနွေးညှိနှိုင်းမှုတွေ မအောင်မြင်ခဲ့ပြီးနောက် လုပ်ငန်းဖျက်သိမ်းကာ ဒေဝါလီခံလိုက်ကြောင်း သိရပါတယ်။ Thomas Cook က ဒေဝါလီခံပြီး လုပ်ငန်းများရပ်ဆိုင်းလိုက်မှုကြောင့် ၎င်းရဲ့ဝန်ဆောင်များဖြင့် ကမ္ဘာတစ်ဝှမ်း ခရီးသွားနေသူ ၆၀၀,၀၀၀ ဟာ ရောက်ရှိနေတဲ့နေရာမှာ သောင်တင်နေကြမယ့် အခြေအနေဖြစ်လာပါတယ်။

(Thomas Cook website မှာ ရေးသားဖော်ပြထားမှု)

သက်ဆိုင်ရာ အစိုးရများနဲ့ အာမခံကုမ္ပဏီတွေက အဆိုပါ ခရီးသွား ၆၀၀,၀၀၀ ကို နေရပ်ပြန်နိုင်ရေး ပူးပေါင်းဆောင်ရွက်သွားကြရမယ်လို့ သိရပါတယ်။ ဗြိတိန်တစ်နိုင်ငံတည်းမှပင် ခရီးသွား ၁၅၀,၀၀၀ ကျော်ကို နေရပ်သို့ပြန်လည်ခေါ်ဆောင်ရန် CAA က အစိုးရနဲ့ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

"ကျွန်တော်တို့ကို နှစ်တွေအကြာကြီး အားပေးခဲ့ကြတဲ့ ကျွန်တော်တို့ရဲ့ သန်းနဲ့ချီတဲ့ ဖောက်သည်တွေ၊ ထောင်နဲ့ချီတဲ့ ဝန်ထမ်းတွေ၊ အထောက်အပံ့ပေးသူတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ကျွန်တော် တောင်းပန်ချင်ပါတယ်၊ ဒါက ကျွန်တော်နဲ့ ကျန်တဲ့ ဒါရိုက်တာအဖွဲ့ဝင်တွေအတွက် ရင်ထဲမှာနင့်နေအောင် ဝမ်းနည်းကြေကွဲရပါတယ်၊ ကျွန်တော်တို့ မအောင်မြင်ခဲ့ပါဘူး" လို့ Thomas Cook အုပ်စုရဲ့ အမှုဆောင်အရာရှိချုပ် Peter Fankhauser က ပြောပါတယ်။

(Thomas Cook စီးအီးအို Peter Fankhauser) (Photo: Getty Images)

Thomas Cook အုပ်စုဟာ ဗြိတိန်နိုင်ငံရဲ့ သက်တမ်းအရှည်ကြာဆုံး ကုမ္ပဏီတစ်ခုလည်းဖြစ်ပြီး ၁၈၄၁ ခုနှစ်မှာ ရထားခရီးစဉ်လုပ်ငန်းနဲ့အတူ စတင်တည်ထောင်ခဲ့ပါတယ်။ Thomas Cook ဟာ ကမ္ဘာစစ်ကြီးနှစ်ခုလုံးကို ဖြတ်ကျော်ပြီး ရှင်သန်ရပ်တည်နိုင်ခဲ့တဲ့ ကုမ္ပဏီကြီးတစ်ခုလည်း ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ အားလပ်ရက် အပန်းဖြေခရီးစဉ်များ အပါအဝင် ဥရောပနဲ့ ကမ္ဘာတစ်လွှား ခရီးသွားဝန်ဆောင်မှုတွေ လုပ်ကိုင်ခဲ့ပါတယ်။ Thomas Cook က နိုင်ငံ ၁၆ ခုမှာ နှစ်စဉ် လူဦးရေ ၁၉ သန်းအတွက် ဟိုတယ်များ၊ အပန်းဖြေစခန်းများနဲ့ လေကြောင်းလိုင်းများ ဝန်ဆောင်မှုများကို လက်ခံစီစဉ်ပေးနေပါတယ်။

(Photo: Paul Hanna/Reuters)

ဒေဝါလီခံပြီး လုပ်ငန်းရပ်ဆိုင်းလိုက်ရတဲ့ Thomas Cook အုပ်စုဟာ ကြွေးမြီ ပေါင်စတာလင် ၁.၇ ဘီလီယံ တင်ရှိနေခဲ့ပြီး အွန်လိုင်းဝန်ဆောင်မှုပြိုင်ဘက်၊ ခရီးသွားလုပ်ငန်းဈေးကွက်အပြောင်းအလဲနဲ့ ပထဝီနိုင်ငံရေးဖြစ်ရပ်တွေရဲ့ ထိုးနှက်ရိုက်ခတ်မှုကို ကြုံခဲ့ရတယ်လို့ Reuters သတင်းက ရေးသားထားပါတယ်။ Thomas Cook အုပ်စု ပြိုလဲသွားခြင်းကြောင့် ဗြိတိန်နိုင်ငံရှိ ဝန်ထမ်း ၉,၀၀၀ အပါအဝင် ကမ္ဘာတစ်ဝှမ်း ဝန်ထမ်း ၂၂,၀၀၀ ဟာလည်း အလုပ်အကိုင် ဆုံးရှုံးရမယ့်အခြေအနေ ဖြစ်နေကြောင်းသိရပါတယ်။

Share

Loading Next Article...
က္က