သုဝဏ္ဏကွင်းကတော့ ဖီဖာ သတ်မှတ်ချက်အရ လိုအပ်တဲ့ ပရိသတ် ဝင်ဆံ့နိုင်မှုရှိပေမယ့် ကွင်းရဲ့ အပြင်အဆင်ကိုမူ ယခုထက် ပိုမို အဆင့်မြှင့်တင်ဖို့ လိုအပ်တယ်လို့ သိရပါတယ်။
ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို လာမယ့် ၂၀၂၁ ခုနှစ်မှာ မြန်မာနိုင်ငံအနေနဲ့ ထိုင်းနိုင်ငံနဲ့ ပူးပေါင်းပြီး အိမ်ရှင်အဖြစ် လက်ခံကျင်းနိုင်ဖို့အတွက် စီစဉ်ဆောင်ရွက်နေပါတယ်။
ဒီလိုကျင်းပနိုင်ဖို့အတွက်လည်း လိုအပ်တဲ့ ဘောလုံးကွင်းတွေကို ပြင်ဆင်နေပြီး လက်ရှိမှာ သုဝဏ္ဏကွင်း၊ နေပြည်တော်မှ ဝဏ္ဏသိဒ္ဓိကွင်းနဲ့ မန္တလေးမှ မန္တလာသီရိ ကွင်း ၃ ကွင်းကို လျာထားပြင်ဆင်နေတယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက Duwun Sports ကိုပြောပါတယ်။
“ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အိမ်ရှင်ကျင်းပမယ်ဆိုရင် အနည်းဆုံး ကွင်း ၇ ကွင်းလိုပါတယ်။ ပြိုင်ပွဲကျင်း ပမယ့် ကွင်းက ၆ ကွင်း ဒိုင်တွေအတွက် ၁ ကွင်းပါ။ကျွန်တော်တို့က ထိုင်းနဲ့ ပူးပေါင်းကျင်းပမှာ ဆိုတော့ တစ်ဖက်ကို အနည်းဆုံး ၄ ကွင်း စီရှိရင် ရပါပြီ။ ပြိုင်ပွဲအတွက် ၃ ကွင်းစီနဲ့ ဒိုင်အတွက် တစ်ကွင်းစီပေါ့။ ကျွန် တော်တို့အနေနဲ့ကတော့ ကွင်းတွေ ရှိပြီးသားပါ။သုဝဏ္ဏရှိမယ်၊ဝဏ္ဏသိဒ္ဓိရှိမယ်၊မန္တလာသီရိရှိမယ်။” လို့ ဦးကိုကိုသိန်းက ပြောပါတယ်။
အဆိုပါ ကွင်း ၃ကွင်းအနက် သုဝဏ္ဏကွင်းကိုတော့ အဆင့်မြှင့်တင်မှု အချို့ ပြုလုပ်ဖို့လိုပြီး ကျန် ၂ကွင်းကတော့ မလိုကြောင်းလည်း သိရပါတယ်။ ဒါ့အပြင် လေ့ကျင့်ရေးကွင်းတွေလည်း အလုံအလောက်ရှိဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပြီး လက်ရှိမှာတော့ ရန်ကုန်မြို့မှာ လေ့ကျင့်ရေးကွင်းတွေအဖြစ် သုဝဏ္ဏကွင်းအနားမှာ လေ့ကျင့်ရေးကွင်း အမှတ်(၁)နဲ့(၂) ရှိထားနှင့်ပြီး ဖြစ်ပြီး ကွင်းအမှတ်(၃)ကို ဆောက်လုပ်နေကာ နောက်ထပ် ကွင်းအမှတ်(၄)ကိုလည်း ဆက်လက်ဆောက်လုပ်ဖို့ရှိတယ်လို့ ဦးကိုကိုသိန်းက ဆိုပါတယ်။
“ လေ့ကျင့်ရေးကွင်းတွေလည်း တိုးမြင့် ဆောက်လုပ်သွားမှာပါ။ သုဝဏ္ဏကွင်းအနားမှာပဲ ၄ ကွင်းလောက်ရှိနေ မယ်၊နောက်ပြီး ကျိုက္ကဆံကွင်းတွေကိုလည်း အသုံးပြုနိုင်မှာပါ။ နေပြည်တော်နဲ့ မန္တလေးမှာလည်း အများအပြား ရှိပါတယ်။” လို့ ဦးကိုကိုသိန်းက ပြောပြပါတယ်။
ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပပါက အုပ်စုပွဲစဉ်တွေကို အနည်းဆုံး ပရိသတ် ၅၀၀၀ ဆံ့ဝင်တဲ့ ကွင်းမှာ စတင် ကျင်းပနိုင်ပြီး ဖွင့်ပွဲနဲ့ ပိတ်ပွဲအခမ်းအနားကျင်းပမယ့် ကွင်းကလည်း အနည်းဆုံး ပရိသတ် ၁၅၀၀၀ ဝင်ဆံ့ပါက ကျင်းပနိုင်ပြီ ဖြစ်တယ်လို့ ဖီဖာက သတ်မှတ်ထားပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ထိုင်းနိုင်ငံနဲ့ ပူးပေါင်းကျင်းပနိုင်ဖို့ လိုအပ်တဲ့ ကွင်းအရေအတွက်နဲ့ ပရိသတ်ဝင်ဆံ့နိုင်မှု ပြည့်မီနေတာ တွေ့ရပါတယ်။
ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ၂၀၂၁ ခုနှစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပနိုင်ဖို့ လျှောက်ထားတဲ့ နိုင်ငံတွေထဲမှာ ဘရာဇီး၊ပီရူး။အင်ဒိုနီးရှား၊မြန်မာနှင့်ထိုင်း၊ဆော်ဒီ-ယူအေီး-ဘာရိန်း တို့ ပါဝင်နေပါတယ်။ အိမ်ရှင်အဖြစ် ကျင်းပခွင့်ရမယ့် နိုင်ငံကိုတော့ သြဂုတ်လ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး ဖီဖာက ထုတ်ပြန်ပေးသွားမယ်လို့ သိရပါတယ်။