သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်ကမ်းလွန်မှာ ပင်လယ်ထဲသို့ မျောပါသွားခဲ့သူ ကမ္ဘာလှည့်ခရီးသည်တစ်ဦးကို ကယ်ဆယ်ရန်ကြိုးပမ်းခဲ့ကြတဲ့ စေတနာဝန်ထမ်း အသက်ကယ်သူ သားအဖနှစ်ဦး ရေနစ်သေဆုံးခဲ့ကြကြောင်း သိရပါတယ်။
(Twelve Apostles မြင်ကွင်း) (Photo: BBC)
အသက် ၇၁ နှစ်အရွယ် ရော့စ်ပါဝဲလ်နဲ့ အသက် ၃၂ နှစ်အရွယ် အန်ဒရူးတို့ သားအဖက အခြားလူတစ်ဦးနဲ့အတူ Twelve Apostles လို့ သိကြတဲ့ ထုံးကျောက်တန်းများရှိရာ ပင်လယ်ပြင်နေရာသို့ မျောပါသွားခဲ့သူ ကမ္ဘာလှည့်ခရီးသည် အမျိုးသားထံကို လှေတစ်စီးဖြင့် သွားရောက်နေစဉ် ၎င်းတို့ရဲ့လှေ တိမ်းမှောက်သွားခဲ့ကြောင်း BBC သတင်းက ပြောပါတယ်။
(ရော့စ်ပါဝဲလ်နှင့် သားဖြစ်သူ အန်ဒရူး) (Photo: 7News)
အသက် ၃၀ နှစ်အရွယ် ကမ္ဘာလှည့်ခရီးသည်နဲ့ လှေပေါ်မှာ လိုက်ပါလာခဲ့တဲ့ အသက်ကယ်သူတစ်ဦးကို ရဟတ်ယာဉ်ဖြင့် ပင်လယ်ပြင်မှ ကယ်ဆယ်နိုင်ခဲ့ပေမဲ့ ရော့စ်ပါဝဲလ်တို့သားအဖကိုတော့ မကယ်နိုင်ခဲ့ကြပါဘူး။ သြစတြေးဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က ရော့စ်ပါဝဲလ်သားအဖကို ချီးကျူးဂုဏ်ပြုခဲ့ကြောင်း သိရပါတယ်။
"သူတို့က ကိုယ်ကျိုးစွန့်ပြီး ရဲရင့်သူတွေပါ၊ သူတို့နှစ်ဦးရဲ့ စွန့်လွှတ်မှုအတွက် ကျွန်တော်တို့ ကျေးဇူးတင်ရပါတယ်၊ ရော့စ်ပါဝဲလ်နဲ့အင်ဒရူးတို့ရဲ့ မိသားစုနဲ့ မိတ်ဆွေတွေနဲ့ထပ်တူ အလွန်ဝမ်းနည်းကြေကွဲရပါတယ်" လို့ ဝန်ကြီးချုပ်က Twitter မှာ ရေးသားထားပါတယ်။
(Map: BBC)
ယခုဖြစ်ရပ်ကို ကြားသိရပြီးနောက် မဲလ်ဘုန်းမြို့ အနောက်တောင်ဘက်ရှိ ကမ္ဘာလှည့်ခရီးသည် လာရောက်မှုများပြားတဲ့ ပို့စ်ကမ့်ဘဲလ်မြို့လေးရှိ မြို့ခံတွေကြား အံသြတုန်လှုပ်ခဲ့ကြရတယ်လို့ ဆိုပါတယ်။ ထိုမြို့လေးမှ အမျိုးသားတွေဟာ ပင်လယ်ပြင်မှာ အသက်ကယ်တဲ့ ဒေသခံ အဖွဲ့အစည်းတွေရဲ့ အတွေ့အကြုံရှိ အဖွဲ့ဝင်တွေဖြစ်ကြတယ်လို့လည်း သိရပါတယ်။