ရန်ကုန်က ကမ္ဘာမှာနေထိုင်ချင်စရာမကောင်းတဲ့ (၁၀)မြို့စာရင်းမှာပါဝင်နေတာက ရှက်စရာမဟုတ်သလို သူ့အဆင့်နဲ့သူရှိပြီးသားဖြစ်တယ်လို့ မြို့တော်ဝန် ဦးမောင်မောင်စိုးကပြောပါတယ်။
လန်ဒန် InterNations အဖွဲ့က နိုင်ငံရပ်ခြားမှာ နေထိုင်တဲ့ သူများကို မေးမြန်းပြီး သုတေသန ပြုထားတဲ့ မြို့ညွှန်းကိန်း (၂၀၁၉)စာရင်းအရ ကမ္ဘာမှာ နေထိုင်ချင်စရာမကောင်းသော မြို့ (၁၀)မြို့စာရင်းမှာ ရန်ကုန်လည်းပါဝင်နေပါတယ်။ စာရင်းအရ အဆိုးဆုံး(၁၀)မြို့စာရင်းမှာ ရန်ကုန်က နံပတ်(၁၀)နေရာမှာ ရှိနေပါတယ်။ အခုလို ရန်ကုန်မြို့က နေထိုင်ချင်စရာမကောင်းဆုံးမြို့စာရင်းမှာပါလောက်တဲ့ မဆိုးရွားသေးဘူးလို့ ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးက လစဉ်ပုံမှန်ပြုလုပ်တဲ့ မြို့တော်စည်ပင်သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေကိုပြောခဲ့ပါတယ်။
“ မြို့ကြီးတွေနဲ့တော့ သွားတိုင်းလို့မရဘူးလေ။ ရန်ကုန်မြို့ကလည်း ဒီလောက်ထိတော့မဆိုးပါဘူး။ သူတို့ရွေးတဲ့ (၁၀)မြို့ထဲမှာ ရန်ကုန်က နောက်ဆုံးတစ်မြို့ဖြစ်လို့ သိက္ခာကျစရာ၊ရှက်စရာတော့မရှိဘူး။ ရန်ကုန်ကလည်းသူ့အဆင့်နဲ့သူတော့ရှိပြီးသားပါ”လို့ မြို့တော်ဝန်ဦးမောင်မောင်စိုးက ပြောကြားခဲ့တာပါ။
(၁၀)မြို့စာရင်းမှာ နံပတ် (၁၀)နေရာမှာရှိနေတာက ရွေးတဲ့သူက ကိုယ့်ထက်သာတဲ့(၉)မြို့ကိုရွေးပြီး ရန်ကုန်ကိုစာရင်းထဲမှာထည့်ရင်တော့ ရန်ကုန်ကနံပတ်(၁၀)နေရာမှာရှိနေမှာပဲလို့ မြို့တော်ဝန်က ဆိုပါတယ်။ InterNations အဖွဲ့က ကမ္ဘာတစ်ဝန်းမှာ ကိုယ့်မွေးရပ်နိုင်ငံရဲ့ ပြင်ပမှာ နေထိုင်တဲ့ လူဦးရေ နှစ်သောင်းကျော်ကို စစ်တမ်းကောက်ယူပြီး ကမ္ဘာမှာ နေထိုင်ရအကောင်းဆုံးမြို့များစာရင်းနဲ့ နေထိုင်ရမကောင်းဆုံးမြို့များစာရင်းကိုထုတ်ပြန်ခဲ့တာပါ။
နေထိုင်ချင်စရာမကောင်းတဲ့ အဆိုးဆုံးမြို့(၁၀)မြို့စာရင်းမှာ ကူဝိတ်၊ ရောမ၊ မီလန်၊ လာဂို့စ်၊ ပဲရစ်၊ ဆန်ဖရန်စစ္စကို၊ လော့အန်ဂျလိစ်၊ လီမာ၊ နယူးယောက်နဲ့ရန်ကုန်မြို့တို့ဖြစ်ပါတယ်။