အမေရိကန်က အသက် ၆၄ နှစ်အရွယ် လူစွန့်စား လေယာဉ်မှူးတစ်ဦးဟာ စနေနေ့က ဘာစတိုနားမှာ ရေနွေးငွေ့သုံး ဒုံးပျံပျက်ကျပြီး အသက်ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ်မှာ နေထိုင်တဲ့ မိုက်ဟူးဂ်စ်ဟာ ကမ္ဘာပြားကြောင်း သက်သေပြဖို့ ကြိုးစားနေတဲ့ လူစွန့်စားတစ်ဦး ဖြစ်တယ်လို့ ဆိုပါတယ်။ Buzzfeed News သတင်းအရ မိုက်ဟူးဂ်စ်ဟာ ရေနွေးငွေ့သုံး ဒုံးပျံနဲ့ လေထဲ ပေ ၅၀၀၀ ခန့် အရောက်မှာ ပြုတ်ကျသွားခဲ့တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဂျက်စတင်ချက်ပ်မင်းဆိုသူ အလွတ်တန်းစာရေးဆရာ ဖမ်းယူရိုက်ကူးထားတဲ့ ဗွီဒီယိုထဲမှာ ဒုံးပျံလွှင့်တင်ပြီး ချက်ချင်းဆိုသလို လေထီး ပွင့်သွားပြီးနောက် ခဏအကြာမှာ ဟူးဂ်စ်ဟာ ပြုတ်ကျသွားတာ တွေ့ရပါတယ်။ သူ မောင်းနှင်ခဲ့တဲ့ ဒုံးပျံလည်း ဘာစတိုနားက မြေပြင်ပေါ်ပျက်ကျသွားခဲ့ပါတယ်။
" လူတိုင်း ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ကုန်တယ်။ ဘာလုပ်ရမှန်းတောင် မသိခဲ့ဘူး" လို့ ချပ်မင်းက LA Times ကို ပြောခဲ့ပါတယ်။ ဟူးဂ်စ် သေဆုံးကြောင်းကို Science Channel က အတည်ပြုခဲ့ပြီး အခုလို လွှင့်တင်နိုင်ဖို့ဆိုတာ ဟူးဂ်စ် အမြဲမက်ခဲ့တဲ့ အိပ်မက်လို့လည်း ဆိုပါတယ်။ Science Channel ဟာ ဟူးဂ်စ်ရဲ့ ကြိုးပမ်းမှုကို Homemade Astronauts နာမည်နဲ့ ရှိုးပွဲတစ်ခုပါ လုပ်ခဲ့ပါတယ်။
ဟူးဂ်စ်ဟာ ၂၀၀၂ ခုနှစ်က ၃ တန် Lincoln Town Car နဲ့ ၃၁.၃၉ မီတာအထိ ခုန်ပြပြီး ဂင်းနစ်ကမ္ဘာ့စံချိန် တင်ခဲ့သူ ဖြစ်ပါတယ်။ ဟူးဂ်စ်ဟာ ကမ္ဘာပြားကြောင်း သက်သေပြဖို့အတွက် ကမ္ဘာ့မျက်နှာပြင်ပေါ်မှ ၆၂ မိုင် အကွာအဝေး လေထုထဲကို သွားရောက်နိုင်ဖို့ အစဉ်တစိုက် ကြိုးစားနေသူ ဖြစ်ပြီး၂၀၁၈ ခုနှစ်က ကြိုးပမ်းမှုမှာ အမြင့်ပေ ၁၉၀၀ ခန့် ရောက်ခဲ့ပါတယ်။