၂၀၁၇ နှစ်ကုန်ပိုင်းက Barron အစီရင်ခံစာမှာ Apple ဟာ နောက်နှစ်ဆို ဒေါ်လာ ဘီလျံ ၁၀၀၀ (ဒေါ်လာ ၁၀၀၀၀၀၀၀၀၀၀၀၀ ) ကျော်တန်ကြေးရှိတဲ့ ကုမ္ပဏီ ဖြစ်လာဖို့ရှိတယ်လို့ဟောကိန်းထုတ်ထားပါတယ်။ ဒီဟောကိန်းက ဒီနေ့မှာပဲ မှန်သွားပါတယ်။
Photo: Apple Insider
၁၉၇၆ ခုနှစ်ကစပြီး PC ကွန်ပျူတာတွေ ထုတ်လုပ်ဖို့ စတိဗ်ဂျော့စ် တည်ထောင်ထားတဲ့ Apple ဟာ ရှယ်ယာတန်ဖိုး ၂၀၇.၀၅ အထိ စံချိန်တင် မြင့်တက်ခဲ့ပြီးနောက် Amazon နဲ့Microsoft တို့ကို ကျော်ဖြတ်ပြီး ကမ္ဘာ့တန်ဖိုးအကြီးဆုံး ကုမ္ပဏီနေရာ ရောက်လာတာပါ။ Apple ရှယ်ယာဈေးဟာ ၂၀၁၁ ခုနှစ်က CEO အဖြစ် တင်မ်ကွတ် ရယူပြီးက စပြီး ၂၀၀၀% အထိ မြင့်တက်လာတာလည်း ဖြစ်ပါတယ်။
၁၉၀၁ ခုနှစ်က US Steel ဆိုတဲ့ သံမဏိလုပ်ငန်းဟာ ကမ္ဘာပေါ်မှာ ပထမဆုံး ၁ ဘီလျံတန် ကုမ္ပဏီအဖြစ် ရောက်ခဲ့ပြီး ၁၁၇ နှစ်အကြာ တစ်နည်းအားဖြင့် Apple ကုမ္ပဏီသက်တမ်း ၄၂ နှစ်အကြာမှာ ကမ္ဘာ့ပထမဆုံး ထရီလီယံတန် ကုမ္ပဏီ ဖြစ်လာခဲ့တာပါ။ Apple ရဲ့ စတော့ဈေးကွက် တန်ဖိုးဟာ UK ရဲ့ စီးပွားရေးထက် ၃ ဆ ခန့်ရှိပြီး တူရကီနဲ့ဆွစ်ဇာလန်တို့ နှစ်ခုပေါင်း စီးပွားရေးထက်ပါ ကြီးမားလာခဲ့တာလည်း ဖြစ်ပါတယ်။
၂၀၀၇ ခုနှစ်မှာ iPhone တွေ စထုတ်ပြီးနောက် Apple ရဲ့ ရှယ်ယာဟာ ၂၀၀၆ ရှယ်ယာတန်ဖိုးထက် ၃ ဆဖြစ်တဲ့ ၁၁၀၀% ထိ မြင့်တက်လာခဲ့ပြီး Apple ရဲ့ အဓိက စီးပွားရေးတစ်ခု ဖြစ်လာခဲ့ပါတယ်။ Mac ကွန်ပျူတာတွေထုတ်လုပ်တဲ့အချိန် ၂၀၀၁ ခုနှစ်က ကုမ္ပဏီဟာ ဈေးကွက်တန်ဖိုး ဒေါ်လာ ၆ ဘီလျံ ရှိခဲ့ပြီး ၁၆ နှစ်အကြာ ၂၀၁၇ iPhone X မိတ်ဆက်ချိန်မှာ ဒေါ်လာ ၇၉၆ ဘီလျံတန် ကုမ္ပဏီ ဖြစ်လာခဲ့တာပါ။
သမိုင်းမှာတော့ တရုတ်မှ PetroChina ဟာ ၂၀၀၇ ခုနှစ် ရေနံစီးပွားရေးထိုးတက်စဉ်က ကမ္ဘာပေါ်မှာ ပထမဆုံး ထရီလီယံတန်ကုမ္ပဏီလို့ရှန်ဟိုင်း စတော့အိတ်ချိန်းမှာ တက်လာခဲ့ပေမယ့် တကယ်တမ်းမှာတော့ ကုမ္ပဏီရဲ့ ၂% လောက်ပဲ အများပိုင်ရှယ်ယာခွဲထားတာကြောင့် ယုံကြည်ထိုက်တဲ့ အချက်လို့မဆိုနိုင်ပါဘူး။
ဆော်ဒီအာရေဗျပိုင် Saudi Aramco ရေနံကုမ္ပဏီကလည်း စတော့ခ်ဈေးကွက်အမြင့်ဆုံးအချိန်က ဒေါ်လာ ၂ ထရီလီယံအထိ ရှိခဲ့တယ်လို့သတင်းများ ထွက်ထားပေမယ့် အတည်ပြုလို့မရနိုင်ခဲ့ပါဘူး။ တစ်ချိန်ချိန်မှာ ထရီလီယံတန် ကုမ္ပဏီဖြစ်လာဖို့ရှိတဲ့ Facebook ကလည်း ခက်ခဲတဲ့ အခြေအနေများကို ရင်ဆိုင်ထားရပါတယ်။
Photo: BBC
Apple ရှယ်ယာဟာ ဆက်လက်အတက်ပြနေပေမယ့် ၂၀၁၈ ဒုတိယသုံးလပတ် iPhone ရောင်းအားဟာ ပထမဆုံးအကြိမ်အဖြစ် Huawei ရဲ့ နောက်မှာ ရပ်တည်ခဲ့ရပါတယ်။