၁၉၉၈ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး တီးမှုတ်ဖျော်ဖြေပွဲ ၃၀၀ နီးပါး တင်ဆက်ခဲ့ပါတယ်။

သြစတြီးယားနိုင်ငံမှ အဖွဲ့ဝင် ၁၀ ဦးဖြင့် ဖွဲ့စည်းထားတဲ့ သံစုံတီးဝိုင်းက အလွန်ထူးခြားလှပါတယ်။ အဆိုပါ သံစုံတီးဝိုင်းမှာ တီးမှုတ်ကြတဲ့ တူရိယာပစ္စည်းတွေက အခြား သံစုံတီးဝိုင်းတွေမှာ မြင်တွေ့နေကျ တူရိယာပစ္စည်းတွေနဲ့ လုံးဝ မတူပါဘူး။

(Photo: Heidrun Henke)

သံစုံတီးဝိုင်းမှာ တီးမှုတ်ကြတဲ့ တူရိယာပစ္စည်းတွေအားလုံးကို အသီးအရွက်တွေနဲ့ ဖန်တီးပြုလုပ်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အဆိုပါ သံစုံတီးဝိုင်းကို 'ဟင်းသီးဟင်းရွက် သံစုံတီးဝိုင်း' (Vegetable Orchestra) လို့ အမည်ပေးထားပါတယ်။ ၁၉၉၈ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ 'ဟင်းသီးဟင်းရွက် သံစုံတီးဝိုင်း' ဟာ ကမ္ဘာ့ပထမဆုံး ဟင်းသီးဟင်းရွက် သံစုံတီးဝိုင်းလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၁ နှစ်အတွင်း ကမ္ဘာတစ်ဝှမ်းမှာ တီးမှုတ်ဖျော်ဖြေပွဲ ၃၀၀ နီးပါး တင်ဆက်ခဲ့ကြပြီး ပရိသတ်တွေရ့ တစ်ခဲနက် အားပေးမှုကိုရခဲ့ကြပါတယ်။ လတ်တလောမှာလည်း အဆိုပါ သံစုံတီးဝိုင်းအဖွဲ့ရဲ့ စတုတ္တမြောက် ဂီတအလ်ဘမ် ထက်ရှိထားပါတယ်။

(Photo: Katsey Photography)

သံစုံတီးဝိုင်းအဖွဲ့က ယခု အယ်လ်ဘမ်မထွက်ခင်မှာ 'Krautfuding' (herb-funding) လို့ အမည်ပေးထားတဲ့ အယ်လ်ဘမ်ထုတ်လုပ်ရေး ရန်ပုံငွေရှာဖွေတေဲ့ အစီအစဉ်ကိုလည်း ပြုလုပ်ခဲ့ရာ ပါဝင်ကူညီသူတွေရှိခဲ့ပြီး အောင်မြင်ခဲ့ပါတယ်။ 'ဟင်းသီးဟင်းရွက် သံစုံတီးဝိုင်း' အဖွဲ့က မုန်လာဥနီ၊ မုန်လာဥဖြူ၊ ရွှေဖရုံသီး၊ ဂေါ်ဖီထုပ်၊ ခရမ်းသီး၊ သခွားသီး၊ ငရုပ်ပွသီး၊ ကြက်သွန်မိတ်၊ တရုတ်နံနံကြီး၊ ကြက်သွန်နီ အစရှိတဲ့ ဟင်သီးဟင်းရွက်တွေကို ဂီတအသံစုံထွက်အောင် တီထွင်ဖန်တီးကာ တီးမှုတ်ကြပါတယ်။

(Photo: Vincent Kessler/Reuters)

မုန်လာဥနီ၊ မုန်လာဥဖြူ၊ သခွားသီး၊ ငရုပ်ပွသီးတို့ကို ပြုပြင်ပေါင်းစပ်ကာ ပလွေအပါအဝင် လေမှုတ်တူရိယာများအဖြစ် လည်းကောင်း၊ ရွှေဖရုသီးကို ဒရမ်အဖြစ်လည်းကောင်း၊ ခရမ်းသီးကို လက်ခုပ်တီးသံထွက်စေရန် လည်းကောင်း၊ တရုတ်နံနံပင်ကို ဂစ်တာသံ၊ တယောသံ ထွက်စေရန်လည်းကောင်း၊ မုန်လာဥကို ပတ္တလားသံထွက်စေရန် လည်းကောင်း စသဖြင့် ဖန်တီးထားကြတာ ဖြစ်ပါတယ်။

(Photo: Vincent Kessler/Reuters)

၎င်းတို့အဖွဲ့က ကြက်သွန်နီအခွံခြောက်တွေကိုသုံးပြီး သံစုံတီးဝိုင်းအတွက် အသံထွက်အောင်ပြုလုပ်ကြပါသေးတယ်။ ဟင်းသီးဟင်းရွက်တွေကနေ တူရိယာသံထွက်လာရန်အတွက် မိုက်ခရိုဖုန်းနဲ့ အသံထိန်းညှိကိရိယာတို့ကို တွဲဖက်အသုံးပြုထားပါတယ်။

ဖျော်ဖြေမှုတစ်ခုအတွက် 'ဟင်းသီးဟင်းရွက် သံစုံတီးဝိုင်း' ရဲ့ တူရိယာတွေ ပြုလုပ်ဖန်တီးရာမှာ အချိန် ၂ နာရီကြာမြင့်ပြီး ဟင်းသီးဟင်းရွက်ပမာဏ အလေးချိန် ပိသာ ၃၀ အသုံးပြုရတယ်လို့ ဆိုပါတယ်။ သံစုံတီးဝိုင်း တူရိယာတွေပြုလုပ်ရာမှာ အသုံးမပြုဖြစ်တဲ့ ဟင်းသီးဟင်းရွက်တွေကိုတော့ ချက်ပြုတ်ပြီး ပရိသတ်တွေကို တည်ခင်းဧည့်ခံလေ့ရှိတယ်လို့ ဆိုပါတယ်။

(Photo: Vincent Kessler/Reuters)

သြစတြီးယား 'ဟင်းသီးဟင်းရွက် သံစုံတီးဝိုင်း' အဖွဲ့ဟာ လန်ဒန်မြို့ရှိ Royal Albert ခန်းမ၊ ရှန်ဟိုင်းမြို့ရှိ Shanghai Arts Centre တို့မှာ တီးမှုဖျော်ဖြေခဲ့ဖူးပါတယ်။ ဒါ့အပြင် ယူကရိန်းသူဌေးကြီးတစ်ဦးကလည်း ကမ္ဘာကျော် Beatles ရော့ခ်တေးဂီတအဖွဲ့မှ နာမည်ကြီး ဘေ့စ်ဂစ်တာသမားနဲ့ အဆိုတော် ပေါလ်မက္ကာတနီရဲ့ အသက် ၆၀ ပြည့် မွေးနေ့မှာ ဖျော်ဖြေရန်အတွက် 'ဟင်းသီးဟင်းရွက် သံစုံတီးဝိုင်း' အဖွဲ့ကို ဖိတ်ကြားခဲ့ဖူးပါတယ်။

(Photo: Vincent Kessler/Reuters)

၎င်းတို့အဖွဲ့ဟာ တီးမှုဖျော်ဖြေမှု အများဆုံးပြုလုပ်ခဲ့တဲ့ ဟင်းသီးဟင်းရွက် သံစုံတီးဝိုင်းအဖြစ်လည်း ဂင်းနစ်ကမ္ဘာ့စံချိန်တင်ထားကြောင်း သိရပါတယ်။ သြစတြီးယားမှ 'ဟင်းသီးဟင်းရွက် သံစုံတီးဝိုင်း' ကို အတုယူပြီး အလားတူ ဖွဲ့စည်းထားတဲ့ သံစုံတီးဝိုင်းအဖွဲ့ အရေအတွက် အနည်းငယ်မျှရှိပြီး 'London Vegetable Orchestra' နဲ့ 'Long Island Vegetable Orchestra' အဖွဲ့တို့ ပါဝင်ကြောင်း သိရပါတယ်။

Source: CBS, BBC, The Vegetable Orchestra

Share

Loading Next Article...
က္က