ကူးစက်ခံရသူ ၁.၆ သန်းကျော်ပြီ ဖြစ်ပါတယ်။

ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ကပ်ရောဂါကြောင့် သေဆုံးသူအရေအတွက် ၁၀၀,၃၇၆ ဦးအထိရှိလာခဲ့ကြောင်း John Hopkins တက္ကသိုလ်ရဲ့ ယနေ့ (ဧပြီ ၁၁ ရက်) မနက်အစောပိုင်း COVID-19 Map ကိန်းဂဏန်းများအရ သိရှိရပါတယ်။

(Imag: John Hopkins)

လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ အရေအတွက်ဟာလည်း ကမ္ဘာတစ်ဝှမ်းမှာ ၁.၆ သန်းကျော် (၁,၆၅၀,၂၁၀ ဦး) အထိ မြင့်တက်လာခဲ့ပြီး ပြန်လည်သက်သာ ၃၆၉,၉၃၇ ဦးရှိခဲ့ပါတယ်။ ကမ္ဘာတစ်ဝှမ်း နိုင်ငံ၊ နယ်မြေဒေသနှင့် နေရာ အရေအတွက် ၂၁၂ ခုမှာ ဗိုင်းရပ်စ်ကူးစက်မှု တွေ့ရှိထားပါတယ်။



ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ခဲ့ရတဲ့ COVID-19 ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Halth Organization - WHO) က ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် မတ်လ ၁၁ ရက်နေ့မှာ သတ်မှတ်ကြေညာခဲ့ပါတယ်။ COVID-19 ရောဂါဗိုင်းရပ်စ်ကို တရုတ်မှာ စတင်တွေ့ခဲ့ရတာဖြစ်ပေမဲ့ လက်ရှိအချိန်မှာတော့ တရုတ်ပြည်မကြီးအတွင်း ကူးစက်မှုနဲ့ သေဆုံးမှုတွေ သိသာစွာ လျော့ကျသွားခဲ့ပြီ ဖြစ်ပါတယ်။

(Photo: Reuters)

ယနေ့ မနက်အစောပိုင်းအထိ စာရင်းတွေအရ အမေရိကန်က ဗိုင်းရပ်စ်ကူးစက်မှု အများဆုံးနိုင်ငံဖြစ်နေပြီး စုစုပေါင်း လူဦးရေ ၄၇၈,၃၆၆ ဦး ကူးစက်ခံထားရပါတယ်။ အမေရိကန်မှာ COVID-19 ကြောင့် သေဆုံးသူဦးရေကလည်း လက်ရှိအချိန်အထိ ၁၇,၉၂၇ ဦးအထိ မြင့်တက်လာခဲ့ပါတယ်။ ကမ္ဘာ့နိုင်ငံများအနက် COVID-19 ကပ်ရောဂါကြောင့် သေဆုံးမှုအများဆုံး နိုင်ငံမှာ အီတလီဖြစ်ပြီး ယနေ့ မနက်အစောပိုင်းအထိ ၁၈,၈၄၉ ဦး သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာလည်း ယမန်နေ့ ညပိုင်းအထိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန တရားဝင်ထုတ်ပြန်ချက်အရ COVID-19 ကူးစက်ခံရသူ ၁၈ ဦးရှိပြီး ၃ ဦး သေဆုံးခဲ့ကာ ၂ ဦး ပြန်လည်သက်သာခဲ့ကြောင်း သိရပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးက COVID-19 တိုက်ဖျက်ရေးအတွက် အသွားအလာ ပိတ်ပင်ကန့်သတ်မှု အပါအဝင် အစီအမံများဖြင့် ကြိုးပမ်းလုပ်ဆောင်နေကြပေမဲ့ ကူးစက်မှုနဲ့ သေဆုံးမှုတွေ ကမ္ဘာတစ်ဝှမ်း နေ့စဥ် တိုးလာနေဆဲဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က