ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ကပ်ရောဂါကြောင့် သေဆုံးသူအရေအတွက် ၃၀၀,၀၀၀ ကျော်လွန်လာခဲ့ကြောင်း Johns Hopkins တက္ကသိုလ်ရဲ့ မေ ၁၄ ရက် ညပိုင်း ကိန်ဂဏန်းတွေအရ သိရှိရပါတယ်။
(Image: Johns Hopkins University's COVID-19 Dashboard)
လက်ရှိအချိန်အထိ ကမ္ဘာတစ်ဝှမ်း လူဦးရေ ၄.၄ သန်းကျော်ဟာလည်း COVID-19 ကူးစက်ခံထားရပါတယ်။
COVID-19 ကိန်ဂဏန်းတွေကို နိုင်ငံအလိုက် နည်းလမ်းမျိုးစုံဖြင့် ထုတ်ပြန်ဖော်ပြခြင်းနဲ့ လူ့အဖွဲ့အစည်းအပေါ် ကပ်ရောဂါရဲ့ သက်ရောက်မှု ကျယ်ပြန့်ခြင်းတို့ကြောင့် ကမ္ဘာတစ်ဝှမ်းမှာ ကူးစက်မှုနဲ့ သေဆုံးမှု အမှန်တစ်ကယ် အရေအတွက်ဟာ ယခုထက် များစွာပိုနိုင်ကြောင်း CNN သတင်းက ပြောပါတယ်။
COVID-19 ဗိုင်းရပ်စ်ကြောင့် တစ်ကမ္ဘာလုံးမှာ သွားလာလှုပ်ရှားမှုများ ရပ်တန့်ခဲ့ပြီး စီးပွားရေးကျဆင်းမှုနဲ့အတူ အလုပ်လက်မဲ့ဖြစ်မှုတွေ တစ်ဟုန်ထိုး မြင့်တက်လာပါတယ်။ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေဖြစ်တဲ့ အမေရိကန်နဲ့ ဗြိတိန်တို့ဟာလည်း လက်ရှိအချိန်အထိ ရောဂါကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရန် ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။
(Photo: Reuters)
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) တာဝန်ရှိသူကလည်း COVID-19 ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ ဘယ်တော့မှ ပျောက်မသွားနိုင်ကြောင်း သတိပေးထားခဲ့ပါတယ်။ လတ်တလော ရက်ပိုင်းအတွင်းမှာတော့ ကမ္ဘာတစ်ဝှမ်း ဗိုင်းရပ်စ်ကူးစက်မှုနှုန်း နှေးကွေးလာခဲ့ပြီး နိုင်ငံတွေက ဗိုင်းရပ်စ်ထိန်းချုပ်ရေး lockdown စီမံဆောင်ရွက်မှုတွေကို သတိထားပြီး ဖြေလျှော့မှုတွေ စတင်လုပ်ဆောင်နေခဲ့ကြပါတယ်။
တရုတ်နဲ့ တောင်ကိုရီးယားကဲ့သို့ နိုင်ငံတွေမှာ COVID-19 အဆိုးဆုံးဖြစ်ပွားမှု အခြေအနေကို အောင်အောင်မြင်မြင် ကျော်လွှားနိုင်ခဲ့ပုံရပေမဲ့လည်း ပုံမှန်ပြန်ဖြစ်ရန် အချိန်ရှည်ကြာပြီး မသေချာတဲ့ အခြေအနေလို့ ဆိုပါတယ်။ ကမ္ဘာတစ်ဝှမ်း COVID-19 ကြောင့် သေဆုံးမှုအားလုံးရဲ့ လေးပုံတစ်ပုံကျော်ကို အမေရိကန်နိုင်ငံမှာ တွေ့ရပြီး လက်ရှိအချိန်အထိ လူဦးရေ ၈၄,၀၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။
(Photo: AP)
သို့သော် အမေရိကန်မှာ ပြည်နယ်အများစုကတော့ အဆင့်လိုက် lockdown ဖြေလျှော့မှုတွေကို စတင်လုပ်ဆောင်ရန် ပြင်ဆင်နေခဲ့ပြီး ပြည်နယ်အားလုံးဟာ ယခုသီတင်းပတ်အတွင်း ကန့်သတ်မှုအချို့ကို ဖြေလျှော့ပေးနေပါတယ်။ သမ္မတအိမ်ဖြူတော်က ကိုးကားလေ့ရှိတဲ့ ခန့်မှန်းတွက်ချက်မှုအရ လာမယ့် ဩဂုတ်လအရောက် အမေရိကန်မှာ COVID-19 ကြောင့် သေဆုံးသူ ၁၄၇,၀၀၀ ရှိလာမယ်လို့ သိရပါတယ်။
ကျွမ်းကျင်သူတွေက lockdown ဖြေလျှော့မှုတွေကို ကိုးကားတွက်ချက်ပြီး အမေရိကန်မှာ ကူးစက်မှုနဲ့ သေဆုံးမှု ဆက်လက် တိုးလာနေမယ်လို့ ခန့်မှန်းခဲ့တာလည်း ဖြစ်ပါတယ်။ လက်တင်အမေရိက နိုင်ငံတွေမှာလည်း COVID-19 ကူးစက်မှုနဲ့ သေဆုံးမှုများ လတ်တလော ရက်ပိုင်းအတွင်း လျင်မြန်စွာ မြင့်တက်လာတာ တွေ့ရပါတယ်။
(Photo: FT)
လက်တင်အမေရိက နိုင်ငံတွေအနက် အခြေအနေ အဆိုးဆုံးဖြစ်နေတဲ့ ဘရာဇီးမှာ COVID-19 ကြောင့် သေဆုံးသူ ၁၃,၀၀၀ ကျော်အထိ တစ်ဟုန်ထိုး မြင့်တက်လာခဲ့ပါတယ်။ မက္ကစီကိုမှာလည်း သေဆုံးသူ ၄,၀၀၀ ကျော်နဲ့ အီကွေဒေါ၊ ပီရူးနဲ့ ချီလီတို့မှာလည်း COVID-19 ကူးစက်ဖြစ်ပွားမှုတွေ သိသိသာသာ ရှိနေပါတယ်။
COVID-19 အခြေအနေဆိုးခဲ့တဲ့ ဥရောပနိုင်ငံတွေမှာတော့ ယခုအခါ မတ်လနဲ့ ဧပြီလ အစောပိုင်းကထက် ကူးစက်မှုနဲ့ သေဆုံးမှုနှုန်း လျော့ကျလာခဲ့ပါတယ်။ ထိုအတောအတွင်း ရုရှားနိုင်ငံမှာ ကူးစက်မှုနဲ့ သေဆုံးမှုတွေ မြင့်တက်နေခဲ့တာ တွေ့ရပါတယ်။ အရှေ့တောင်အာရှမှာတော့ စင်ကာပူက COVID-19 ကူးစက်မှုအများဆုံးဖြစ်ပြီး အင်ဒိုနီးရှားက COVID-19 ကြောင့် သေဆုံးမှုအများဆုံး ဖြစ်နေပါတယ်။
(Image: MoHS)
အရှေ့တောင်အာရှဒေသတွင်းမှာ ယနေ့ (မေ ၁၅ ရက်) မနက်အစောပိုင်းအထိ ကူးစက်ခံရသူ ၆၅,၀၀၀ နီးပါး၊ သေဆုံးသူ ၂,၀၀၀ ကျော်နဲ့ ပြန်လည်သက်သာသူ ၂၀,၀၀၀ နီးပါးရှိခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ လတ်တလော ရက်ပိုင်းအတွင်း COVID-19 လူနာအသစ်တွေ့ရှိရမှု သိသိသာသာ လျော့နည်းခဲ့ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၁၈၁ ဦး၊ သေဆုံးသူ ၆ ဦးနဲ့ ပြန်လည်သက်သာလာသူ ၈၄ ဦးရှိခဲ့ပါတယ်။