အမေရိကန်နိုင်ငံမှာ သေဆုံးမှုအများဆုံး ဖြစ်ပါတယ်။

ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ကပ်ရောဂါကြောင့် သေဆုံးသူအရေအတွက် ၂၀၀,၀၀၀ ကျော်လွန်လာပြီဖြစ်ကြောင်း Johns Hopkins တက္ကသိုလ်က ယနေ့ (ဧပြီ ၂၆ ရက်) ဖော်ပြထားတဲ့ ကိန်ဂဏန်းများအရ သိရှိရပါတယ်။

(Image: John Hopkins COVID-19 Dashboard screenshot)

COVID-19 ကူးစက်ခံရသူဦးရေဟာလည်း ကမ္ဘာတစ်ဝှမ်းမှာ ၂.၉ သန်းနီးပါး (၂,၈၈၁,၅၄၆ ဦး) အထိ ဆက်လက် မြင့်တက်နေခဲ့ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ အမေရိကန်က ကူးစက်မှုနဲ့ သေဆုံးမှုအများဆုံး နိုင်ငံဖြစ်ပြီး ယနေ့ မနက်အစောပိုင်းအထိ စာရင်းတွေအရ ကူးစက်ခံရသူ ၁ သန်း (၉၅၃,၈၅၁ ဦ) နဲ့ သေဆုံးသူ ၅၃,၈၅၁ ဦးအထိ ရှိလာခဲ့ပါတယ်။



ဇန်နဝါရီ ၁၁ ရက်နေ့က COVID-19 ကြောင့် တရုတ်မှာ ပထမဆုံး သေဆုံးမှုဖြစ်ခဲ့ကြောင်း နိုင်ငံပိုင်းမီဒီယာက ဖော်ပြခဲ့ပါတယ်။ ထိုအချိန်မှစပြီး ယခုလက်ရှိအထိ လေးလနီးပါးအတွင်း ကမ္ဘာတစ်ဝှမ်းမှာ သေဆုံးသူ ၂၀၀,၀၀၀ ကျော်လွန်လာခဲ့တာ ဖြစ်ပါတယ်။

(Photo: BBC)

COVID-19 ကို ကူးစက်မြန် ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က မတ်လ ၁၁ ရက်နေ့မှာ သတ်မှတ်ကြေညာခဲ့ပြီး ယနေ့အထိ ကမ္ဘာ့နိုင်ငံနဲ့ နယ်မြေဒေသ စုစုပေါင်း ၂၁၀ ကျော်မှာ ကူးစက်ဖြစ်ပွားနေပါတယ်။ အမေရိကန်၊ အီတလီ၊ စပိန်၊ ပြင်သစ်နဲ့ ဗြိတိန်တို့ဟာ COVID-19 ကြောင့် သေဆုံးသူအရေအတွက် ၂၀,၀၀၀ ကျော်နေတဲ့ နိုင်ငံများဖြစ်ပါတယ်။

ကမ္ဘာ့နိုင်ငံများအနက် အမေရိကန်နဲ့ စပိန်မှာ COVID-19 ကြောင့် သေဆုံးမှုအများဆုံး ဖြစ်ပွားခဲ့ပါတယ်။ COVID-19 ရောဂါဖြစ်စေတဲ့ SAR-CoV-2 ဗိုင်းရပ်စ်ကို ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ တရုတ်ပြည်မကြီးအတွင်း ဗိုင်းရပ်စ်ကူးစက်မှုနဲ့ သေဆုံးမှုတွေ သိသာစွာ လျော့ကျသွားခဲ့ပါတယ်။

(Photo: Reuters)

သို့သော် အမေရိကန်နဲ့ ဥရောပ အပါအဝင် အခြားနေရာတွေမှာ ကူးစက်မှုနဲ့ သေဆုံးမှုတွေ တရိပ်ရိပ် တိုးလာနေပါတယ်။ COVID-19 နဲ့ ပတ်သက်ပြီး ယခုအချိန်အထိ အတည်ပြု ကာကွယ်ဆေးနဲ့ ကုထုံးတစ်ရပ် မတွေ့ထားသေးပါဘူး။ မြန်မာအပါအဝင် အရှေ့တောင်အာရှ နိုင်ငံတွေမှာလည်း ဗိုင်းရပ်စ်ကူးစက်မှုနဲ့ သေဆုံးမှုတွေ နေ့စဥ် တိုးလာနေဆဲ ဖြစ်ပါတယ်။

ယနေ့ (ဧပြီ ၂၆ ရက်) မနက်အစောပိုင်းအထိ အရှေ့တောင်အာရှ နိုင်ငံများအနက် စင်ကာပူဟာ ဗိုင်းရပ်စ်ကူးစက်မှုအများဆုံး နိုင်ငံဖြစ်နေပြီး အင်ဒိုနီးရှားကတော့ သေဆုံးမှုအများဆုံး နိုင်ငံဖြစ်ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံမှာ ယနေ့ (ဧပြီ ၂၆ ရက်) မနက်ပိုင်းအထိ COVID-19 အတည်ပြုလူနာ ၁၄၆ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး ၁၀ ဦး ပြန်လည်သက်သာကာ ၅ ဦး သေဆုံးခဲ့ပါတယ်။

(Photo: Reuters)

ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ကာကွယ်ဆေး ၇၉ မျိုးထက်မနည်း ထုတ်လုပ်နေကြပြီး ကုထုံး ၁၁၄ မျိုးကို စမ်းသပ်ကုသကာ သုံးသပ်နေကြပါတယ်။ တရုတ်၊ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတို့မှာ COVID-19 ကာကွယ်ဆေးစမ်းသပ်မှုကို လူတွေမှာ စတင်လုပ်ဆောင်ခဲ့ကြပြီး ဂျာမနီနိုင်ငံမှာလည်း မကြာမီ လူတွေကို ထိုးနှံစမ်းသပ်သွားမယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က