ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်ခံရသူ အရေအတွက်ဟာ ယနေ့ (စက်တင်ဘာ ၃ ရက်) မနက်ပိုင်းမှာ ၂၆ သန်း ကျော်လွန်လာခဲ့ကြောင်း ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ COVID-19 ဖြစ်ပွားမှုအခြေအနေ ကိန်းဂဏန်းတွေကို အချိန်နဲ့တစ်ပြေးညီ ဖော်ပြနေတဲ့ Worldometers ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။
(Image: Worldometers webpage screengrab)
ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ဟာ ၈ လကျော်ရုံမျှအကြာမှာ ကမ္ဘာတစ်ဝန်း လူဦးရေ ၂၆ သန်းကျော်ကို လျင်မြန်စွာ ကူးစက်သွားခဲ့ပါတယ်။ လက်ရှိအချိန်အထိ COVID-19 ကြောင့် ကမ္ဘာတစ်ဝန်းမှာ လူဦးရေ ၈၆၇,၀၀၀ ကျော် သေဆုံးခဲ့ပြီး ၁၈.၄ သန်းကျော် ပြန်လည်သက်သာခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၃၀ ရက် မနက်အစောပိုင်းမှာ ကူးစက်ခံရသူ ၂၅ သန်းကျော်လွန်ခဲ့တာဖြစ်ပြီး ၄ ရက်ကျော်အတွင်း နောက်ထပ် ကူးစက်ခံရသူ ၁ သန်းကျော် တိုးလာခဲ့ပါတယ်။ COVID-19 ကြောင့် သေဆုံးသူအရေအတွက်ဟာ ဩဂုတ် ၃၀ ရက်နေ့မှာ ၈၄၆,၀၀၀ ကျော်မှ ၄ ရက်ကျော်အတွင်း ၂၁,၀၀၀ ကျော် တိုးလာခဲ့တာ တွေ့ရပါတယ်။
(Photo: Reuters)
ကမ္ဘာတစ်ဝန်း ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံဖြစ်တဲ့ အမေရိကန်မှာ လက်ရှိအချိန်အထိ လူဦးရေ ၆.၂ သန်းကျော် ကူးစက်ခံခဲ့ရပြီး ၁၈၉,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။ ကူးစက်မှုနဲ့ သေဆုံးမှု ဒုတိယအများဆုံးဖြစ်တဲ့ ဘရာဇီးနိုင်ငံမှာလည်း COVID-19 ကူးစက်ခံရသူ ၄ သန်း ကျော်လွန်လာခဲ့ပြီး သေဆုံးသူဦး ၁၂၃,၀၀၀ ကျော်ပြီဖြစ်ပါတယ်။
(Photo: Reuters)
ထိုအတောအတွင်း ကမ္ဘာ့နိုင်ငံများအနက် ကူစက်မှု စတုတ္တအများဆုံးဖြစ်တဲ့ ရုရှားမှာ ကူးစက်ခံရသူ ၁ သန်းကျော်လွန်လာခဲ့ပြီလို့ သိရပါတယ်။ ပီရူး၊ ကိုလံဘီယာ၊ တောင်အာဖရိကနဲ့ မက္ကစီကို နိုင်ငံတွေမှာလည်း ကူးစက်မှုတွေ ၆၁၀,၀၀၀ နဲ့အထက် တွေ့ရှိထားရပါတယ်။ စပိန်၊ အာဂျင်တီးနားနဲ့ ချီလီတို့မှာတော့ ကူးစက်ခံရသူ ၄၁၀,၀၀၀ နဲ့အထက် တွေ့ရှိထားပြီး တစ်ကမ္ဘာလုံးမှာ ကူးစက်မှု ၁၀၀,၀၀၀ မှ ၄၀၀,၀၀၀ နီးပါးကြား အရေအတွက် တွေ့ရှိထားတဲ့နိုင်ငံ ၁၉ နိုင်ငံအထိ ရှိနေပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) ရဲ့ အချက်အလက်တွေအရ ယခုအခါ ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်ဖြစ်ပွားမှုဟာ နှစ်စဥ် ပြင်းထန်တဲ့ တုပ်ကွေးရောဂါဖြစ်ပွားမှုထက် အနည်းဆုံး ငါးဆပိုများကြောင်း သိရပါတယ်။ ထို့အတူ COVID-19 ကြောင့် သေဆုံးသူအရေအတွက်ဟာလည်း တုပ်ကွေးကြောင့် နှစ်စဥ် သေဆုံးမှု ၂၉၀,၀၀၀ မှ ၆၅၀,၀၀၀ အတွင်း အရေအတွက်ထက် ပိုများလာခဲ့တာ တွေ့ရပါတယ်။
ဥရောပရှိ စပိန်၊ ပြင်သစ်ကဲ့သို့ နိုင်ငံတွေမှာ COVID-19 ကူးစက်မှုတွေ သိသိသာသာ ပြန်လည် မြင့်တက်နေပါတယ်။ COVID-19 ကပ်ရောဂါဟာ ဆက်လက် ကျယ်ပြန့်ဖြစ်ပွားနေဆဲ ဖြစ်ပေမဲ့ အရှေ့တောင်အာရှနဲ့ မြေထဲပင်လယ်အရှေ့ပိုင်း နေရာဒေသများကလွဲပြီး ကမ္ဘာတစ်ဝန်း ကူးစက်မှုနဲ့ သေဆုံးမှုနှုန်း နှေးကွေးသွားခဲ့ကြောင်း WHO က ဩဂုတ် ၂၄ ရက် ညပိုင်းမှာ ပြောကြားခဲ့ပါတယ်။
အရှေ့တောင်အာရှမှာ နေ့စဥ် တရိပ်ရိပ်တိုးလာနေဆဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လတ်တလော သီတင်းပတ်အတွင်း ပြည်တွင်းကူးစက်မှုတွေ သိသာစွာ မြင့်တက်နေခဲ့ပါတယ်။ ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနက စက်တင်ဘာ ၃ ရက် မနက် ၈ နာရီအချိန် ထုတ်ပြန်မှုအရ ဓာတ်ခွဲနမူနာ ၂,၅၅၂ ခုကို စစ်ဆေးခဲ့ရာမှ COVID-19 အတည်ပြုလူနာသစ် ၆၃ ဦး တိုးလာခဲ့ပြီး စုစုပေါင်း COVID-19 အတည်ပြုလူနာ ၁,၀၈၅ ဦး တွေ့ရှိထားခဲ့ပါတယ်။
(Image: MoHS webpage screengrab)
မြန်မာနိုင်ငံမှာ လတ်တလော သီတင်းပတ်များအတွင်း တွေ့ရှိရတဲ့ အတည်ပြုလူနာတွေအနက် ပြည်တွင်းကူစက်မှု အများအပြား ပါဝင်နေပါတယ်။ မြန်မာမှာ တွေ့ရှိခဲ့ရတဲ့ COVID-19 အတည်ပြုလူနာများအနက် ၃၅၉ ဦး ပြန်လည်သက်သာခဲ့ကာ ၆ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ စက်တင်ဘာ ၃ ရက် မနက်ပိုင်းအထိ မြန်မာနိုင်ငံမှာ လူဦးရေ ၁၆၄,၂၆၆ ဦးကို COVID-19 စစ်ဆေးခဲ့ကြောင်းနဲ့ စောင့်ကြည့်လူနာ ၇,၆၈၅ ဦးရှိကြောင်း ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။