သီတင်းနှစ်ပတ် ကိန်းဂဏန်းတွေကို အခြေခံတွက်ချက်မှုအရ ၁၅ စက္ကန့်တိုင်းမှာ လူတစ်ဦး သေဆုံးနေပါတယ်။

ကမ္ဘာတစ်ဝန်း COVID-19 ကြောင့် သေဆုံးသူ ၇၀၀,၀၀၀ ကျော်လွန်ပြီဖြစ်ကြောင်း ယနေ့ (ဩဂုတ် ၅ ရက်) စာရင်းတွေအရ သိရှိရပြီး အမေရိကန်၊ ဘရာဇီး၊ အိန္ဒိယနဲ့ မက္ကစီကိုနိုင်ငံတွေမှာ လတ်တလော သေဆုံးမှုမြင့်တက်နေခဲ့ပါတယ်။

(Photo Reuters)

Reuters သတင်းဌာနက လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်မှ ကိန်းဂဏန်းအချက်အလက်တွေကို အခြေခံတွက်ချက်မှုအရ ပျမ်းမျှအားဖြင့် COVID-19 ကြောင့် ၂၄ နာရီအတွင်း လူ ၅,၉၀၀ နီးပါး သေဆုံးနေကြောင်း သိရပါတယ်။ ထိုတွက်ချက်မှုအရ COVID-19 ကြောင့် ၂၄ နာရီမှာ လူ ၂၄၇ ဦး သို့မဟုတ် ၁၅ စက္ကန့်တိုင်းမှာ လူတစ်ဦး သေဆုံးနေတာနဲ့ ညီမျှနေပါတယ်။



လက်ရှိမှာ လက်တင်အမေရိကဟာ COVID-19 ကူးစက်ဖြစ်ပွားမှု အဆိုးဆုံးနေရာတစ်ခု ဖြစ်လာပါတယ်။ အစောပိုင်းမှာတော့ လူဦးရေ သန်း ၆၄၀ ခန့်ရှိ လက်တင်အမေရိကကို ကူးစက်မှု ပျံ့နှံ့ရောက်ရှိရန် အခြား ကမ္ဘာ့နေရာတွေထက် နှေးကွေးနေခဲ့ပါတယ်။ သို့သော် ကူးစက်မှုတွေ ဖြစ်ပွားလာပြီးနောက်မှာတော့ လက်တင်အမေရိကရဲ့ ဆင်းရဲမှုနဲ့ လူဦးရေထူထပ်တဲ့ မြို့များအခြေအနေတွေကြောင့် ကူးစက်မှုထိန်းချုပ်ရန် ရုန်းကန်နေခဲ့ရပါတယ်။

(Photo: Sebastiao Morreira/EPA-EFE)

လက်တင်အမေရိကနဲ့ ကာရေဘီယန်တစ်ဝန်း လူဦးရေ သန်း ၁၀၀ ကျော်ဟာ ဆင်းရဲသားရပ်ကွက်တွေမှာ နေထိုင်လျက်ရှိကြောင်း ကုလသမဂ္ဂ Human Settlements ရဲ့ အချက်အလက်အရ သိရှိရပါတယ်။ ထိုနေရာဒေသများရှိ လူအများအပြားဟာ ကပ်ရောဂါကာလအတွင်းမှာလည်း ဘဝရပ်တည်မှုအတွက် ဆက်လက် အလုပ်လုပ်ကိုင်နေခဲ့ကြရတယ်လို့ ဆိုပါတယ်။

ဘရာဇီးဟာ လက်တင်အမေရိကမှာ ကူးစက်မှုနဲ့ သေဆုံးမှု အဆိုးဆုံးဖြစ်ပွားနေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ သေဆုံးသူ ၉၆,၀၀၀ ကျော်နဲ့ ကူးစက်ခံရသူ ၂.၈ သန်းကျော်ရှိခဲ့ပါတယ်။အာရှဒေသမှ အိန္ဒိယနိုင်ငံမှာလည်း ဇူလိုင် ၃၁ ရက်နေ့က COVID-19 ကူးစက်ခံရသူ နောက်ထပ် ၅၅,၀၇၈ ဦး တိုးလာခဲ့ပြီး စံချိန်တင် မြင့်တက်မှုဖြစ်ခဲ့ကြောင်း Reuters က ပြောပါတယ်။

(Photo: Reuters)

အိန္ဒိယ ကျန်းမာရေးနဲ့ မိသားစုရေးရာ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ထားမှုအရ COVID-19 ကြောင့် သေဆုံးသူ ၃၉,၀၀၀ ကျော်နဲ့ ကူးစက်ခံရသူ ၂ သန်းနီးပါးရှိနေပြီ ဖြစ်ပါတယ်။ လူဦးရေ သန်း ၃၃၀ ရှိတဲ့ အမေရိကန်နိုင်ငံဟာ ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံ ဖြစ်ပါတယ်။ အမေရိကန်မှာ လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၅ သန်းနီးပါးနဲ့ သေဆုံးသူ ၁၆၀,၀၀၀ ကျော်ရှိခဲ့ပါတယ်။

ဩဂုတ် ၃ ရက်နေ့မှာ အမေရိကန်အစိုးရရဲ့ ကူးစက်ရောဂါဆိုင်ရာ ထိပ်တန်းကျွမ်းကျင်သူ ဒေါက်တာ Anthony Fauci က ကူးစက်မှုတွေ မြင့်တက်နေတဲ့ ပြည်နယ်တွေအနေနဲ့ lockdown လုပ်ရန် ပြန်စဥ်စားသင့်ကြောင်းနဲ့ ဆောင်းဦးကာလ တုပ်ကွေးရာသီမတိုင်မီ COVID-19 ကူးစက်မှုလျော့ကျရန် လိုအပ်ကြောင်း အလေးထား ပြောခဲ့ပါတယ်။ ကမ္ဘာ့နေရာဒေသတွေမှာ COVID-19 ကူးစက်မှုကို ထိန်းချုပ်ခဲ့ပြီးဖြစ်ကြောင်း ထင်မြင်ရပေမဲ့ လတ်တလောမှာ နေ့စဥ် ကူးစက်မှုအသစ်တွေ စံချိန်တင် ပြန်လည်မြင့်တက်နေမှုက ကပ်ရောဂါတိုက်ဖျက်ရေး ပြီးဆုံးရန်အလှမ်းဝေးနေသေးတဲ့ လက္ခဏာလည်း ဖြစ်ပါတယ်။

(Photo: Sasheenka Gutieerrez/EPA-EFE)

ဩစတြေးလျ၊ ဂျပန်၊ ဟောင်ကောင်၊ ဘိုလီးဗီးယား၊ ဆူဒန်၊ အီသီယိုးပီးယား၊ ဘူလ်ဂေးရီးယား၊ ဘယ်လ်ဂျီယံ၊ ဥဇဘက်ကစ္စတန်နဲ့ အစ္စရေးတို့မှာ လတ်တလော ကူးစက်မှုတွေ မြင့်တက်နေခဲ့ကြောင်း Reuters သတင်းက ဖော်ပြပါတယ်။ လက်ရှိအချိန်အထိ ကမ္ဘာတစ်ဝန်းမှာ လူဦးရေ ၁၈.၇ သန်းကျော် COVID-19 ကူးစက်ခံခဲ့ရပြီး ၁၂ သန်းနီးပါး ပြန်လည်သက်သာလာခဲ့ပါတယ်။

မြန်မာနိုင်ငံမှာတော့ ယနေ့အထိ COVID-19 အတည်ပြုလူနာ ၃၅၆ ဦး တွေ့ရှိခဲ့ရပြီး ၃၀၂ ဦး ပြန်လည်သက်သာခဲ့ပြီဖြစ်ကာ ခြောက်ဦး သေဆုံးခဲ့ပါတယ်။ ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာက ဩဂုတ် ၅ ရက် မနက်ပိုင်းအထိ ထုတ်ပြန်ထားမှုအရ မြန်မာနိုင်ငံမှာ လူဦးရေ ၁၂၀,၂၉၂ ဦးကို COVID-19 စစ်ဆေးခဲ့ကြောင်းနဲ့ စောင့်ကြည့်လူနာ ၆,၈၅၆ ဦးရှိကြောင်းလည်း သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က