COVID-19 ကူးစက်ခံရပြီး ပြန်လည်သက်သာသူ သန်း ၂၀ ကျော် ရှိခဲ့ပါတယ်။

ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်ခံရသူ အရေအတွက် ၂၈ သန်း ကျော်နဲ့ သေဆုံးသူ ၉၀၀,၀၀၀ ကျော်ရှိလာခဲ့ကြောင်း ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ COVID-19 ဖြစ်ပွားမှုအခြေအနေ ကိန်းဂဏန်းတွေကို အချိန်နဲ့တစ်ပြေးညီ ဖော်ပြနေတဲ့ Worldometers ဝက်ဘ်ဆိုက်မှာ ယနေ့ (စက်တင်ဘာ ၁၀ ရက်) ဖော်ပြထားမှုအရ သိရှိရပါတယ်။

(Image: Worldometers webpage screengrab)

ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ဟာ ၈ လကျော်အတွင်း ကမ္ဘာတစ်ဝန်း လူဦးရေ ၂၈ သန်းကျော်ကို လျင်မြန်စွာ ကူးစက်သွားခဲ့ပါတယ်။ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရပြီး ပြန်လည်သက်သာသူ သန်း ၂၀ ကျော် ရှိခဲ့ပါတယ်။



ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက် မနက်ပိုင်းမှာ ကူးစက်ခံရသူ ၂၇ သန်းကျော်လွန်ခဲ့တာဖြစ်ပြီး ၄ ရက်ကျော်အတွင်း နောက်ထပ် ကူးစက်ခံရသူ ၁ သန်းကျော် တိုးလာခဲ့ပါတယ်။ COVID-19 ကြောင့် သေဆုံးသူအရေအတွက်ကတော့ စက်တင်ဘာ ၆ ရက်နေ့မှာ ၈၈၃,၀၀၀ ကျော်မှ ၄ ရက်ကျော်အတွင်း ၁၇,၀၀၀ ကျော် တိုးလာခဲ့တာ တွေ့ရပါတယ်။

(Photo: Getty Images)

ကိန်းဂဏန်းတွေအရ တစ်ကမ္ဘာလုံးမှာ ကူးစက်ခံရသူ ၂၈ သန်းကျော်အနက် ၇ သန်းကျော်ဟာ COVID-19 လူနာအဖြစ် ကုသမှုခံယူနေရဆဲ အခြေအနေလည်း ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ အမေရိကန်က ကူးစက်မှုအများဆုံးနိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ လူဦးရေ ၆.၅ သန်းကျော် ကူးစက်ခံထားရပါတယ်။ ကူးစက်မှု ဒုတိယအများဆုံးနိုင်ငံမှာ အိန္ဒိယဖြစ်ပြီး COVID-19 အတည်ပြုလူနာ ၄.၄ သန်းကျော် တွေ့ရှိထားပါတယ်။

ဘရာဇီးမှာတော့ ကူးစက်ခံရသူ ၄.၂ သန်းနီးပါး စစ်ဆေးတွေ့ရှိထားပြီး တတိယမြောက် ကူးစက်မှုအများဆုံး နိုင်ငံဖြစ်ပါတယ်။ COVID-19 ကြောင့် သေဆုံးမှုအများဆုံးဟာ အမေရိကန်မှာဖြစ်ပြီး သေဆုံးသူ ၁၉၅,၀၀၀ ကျော်ရှိခဲ့ရာ ကမ္ဘာတစ်ဝန်း သေဆုံးမှုအားလုံးရဲ့ ငါးပုံတစ်ပုံကျော် ရှိပါတယ်။

(Photo: Reuters)

ဘရာဇီးနိုင်ငံက COVID-19 ကြောင့် သေဆုံးမှု ၁၂၈,၀၀၀ ဖြင့် ဒုတိယအများဆုံးနဲ့ အိန္ဒိယက သေဆုံးသူ ၇၅,၀၀၀ ကျော်နဲ့ တတိယအများဆုံး နိုင်ငံများဖြစ်ပါတယ်။ ထို့နောက် မက္ကစီကိုနဲ့ ဗြိတိနန်တို့က ကမ္ဘာတစ်ဝန်းမှာ ကပ်ရောဂါကြောင့် သေဆုံးမှု စတုတ္တနဲ့ ပဥ္စမမြောက် အများဆုံးနိုင်ငံများအဖြစ် သေဆုံးသူ ၆၉,၀၀၀ ကျော်နနဲ့ ၄၁,၀၀၀ ကျော် အသီးသီး ရှိခဲ့တယ်လို့ သိရပါတယ်။

လတ်တလော သီတင်းပတ်များအတွင်း အိန္ဒိယနိုင်ငံဟာ COVID-19 ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှု ဗဟိုချက်နေရာ ဖြစ်လာနေပြီး ယနေ့ ထုတ်ပြန်ခဲ့တဲ့ စာရင်းတွေအရ တစ်ရက်အတွင်း ကူးစက်ခံရသူ နောက်ထပ် ၉၅,၇၃၅ ဦး တိုးလာခဲ့ကာ တစ်ကမ္ဘာလုံးမှာ နေ့စဥ် ကူးစက်မှုအသစ် အများဆုံးအဖြစ် စံချိန်ထပ်တင်ခဲ့ပါတယ်။

(Photo: Reuters)

အိန္ဒိယမှာ သေဆုံးမှုကလည်း လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်း နေ့စဥ် ပျမ်းမျှအားဖြင့် ၁,၀၀၀ ကျော် တိုးလာခဲ့တယ်လို့ ဆိုပါတယ်။ အိန္ဒိယမှာ ကူးစက်မှုတွေဟာ လတ်တလော သီတင်းပတ်များအတွင်း တစ်ကမ္ဘာလုံးမှာထက် ပိုမိုလျင်မြန်စွာ ဖြစ်ပွားနေခဲ့ပါတယ်။ COVID-19 ကပ်ရောဂါဟာ ဆက်လက် ကျယ်ပြန့်ဖြစ်ပွားနေဆဲ ဖြစ်ပေမဲ့ အရှေ့တောင်အာရှနဲ့ မြေထဲပင်လယ်အရှေ့ပိုင်း နေရာဒေသများကလွဲပြီး ကမ္ဘာတစ်ဝန်း ကူးစက်မှုနဲ့ သေဆုံးမှုနှုန်း နှေးကွေးသွားခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ဩဂုတ်လကုန်းပိုင်းမှာ ပြောကြားထားပါတယ်။

(Photo: Reuters)

COVID-19 ကူးစက်မှုတွေဟာ အရှေ့တောင်အာရှမှာ နေ့စဥ် တရိပ်ရိပ်တိုးလာနေဆဲ ဖြစ်ပါတယ်။ အရှေ့တောင်အာရှမှာ ကူးစက်မှု ဒုတိယအများဆုံးဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ဂျကာတာမြို့တော်အတွင်း ကူးစက်မှုထိန်းချုပ်ရေး သွားလာလှုပ်ရှားမှု ကန့်သတ်ချက်တွေ ပြန်လည်သတ်မှတ်ဆောင်ရွက်မယ်လို့ ဆိုပါတယ်။

အင်ဒိုနီးရှားမှာ လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၂၀၇,၂၀၃ ဦးနဲ့ သေဆုံးသူ ၈,၄၅၆ ဦးရှိခဲ့ပါတယ်။ အင်ဒိုနီးရှားဟာ အရှေ့တောင်အာရှမှာ COVID-19 ကြောင့် သေဆုံးမှုအများဆုံး နိုင်ငံဖြစ်ပါတယ်။ အရှေ့တောင်အာရှဒေသမှာ ကူးစက်မှုအများဆုံး နိုင်ငံကတော့ ဖိလစ်ပိုင်ဖြစ်ပြီး ကူးစက်မှု ၂၄၈,၉၄၇ ဦး တွေ့ရှိထားပါတယ်။ ဖိလစ်ပိုင်ဟာ ဒေသတွင်းမှာ COVID-19 ကြောင့် သေဆုံးမှု ဒုတိယအများဆုံး နိုင်ငံဖြစ်ပြီး သေဆုံးသူ ၄,၀၆၆ ဦးရှိခဲ့ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံမှာလည်း လတ်တလော သီတင်းပတ်အတွင်း ပြည်တွင်းကူးစက်မှုတွေ အပါအဝင် နေ့စဥ် ကူးစက်မှုအသစ်များ စံချိန်တင် မြင့်တက်နေခဲ့ပါတယ်။ ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနက စက်တင်ဘာ ၁၀ ရက် မနက် ၈ နာရီအချိန် ထုတ်ပြန်မှုအရ COVID-19 အတည်ပြုလူနာ စုစုပေါင်း ၂,၀၀၉ ဦး တွေ့ရှိထားပါတယ်။

မြန်မာနိုင်ငံမှာ လူဦးရေ ၁၇၉,၄၇၁ ဦးကို COVID-19 စစ်ဆေးခဲ့ပြီး စောင့်ကြည့်လူနာ စုစုပေါင်း ၈,၃၉၅ ဦးရှိကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ဝက်ဘ်ဆိုက်မှာ ယနေ မနက်ပိုင်းအထိ ထုတ်ပြန်ထားမှုအရ သိရှိရပါတယ်။ မြန်မာနိုင်ငံမှာ လတ်တလော သီတင်းပတ်များအတွင်း တွေ့ရှိရတဲ့ အတည်ပြုလူနာတွေအနက် ပြည်တွင်းကူစက်မှု အများအပြား ပါဝင်နေပါတယ်။

(Image: MoHS webpage screengrab)

မြန်မာမှာ တွေ့ရှိခဲ့ရတဲ့ COVID-19 အတည်ပြုလူနာများအနက် ၅၅၃ ဦး ပြန်လည်သက်သာခဲ့ကာ ၁၄ ဦး သေဆုံးခဲ့ပါတယ်။ သေဆုံးသူတွေအနက် စက်တင်ဘာ ၇ ရက်မှ ၁၀ ရက်အထိ လေးရက်အတွင်းမှာ လူနာ ၆ ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ COVID-19 ကြောင့် သေဆုံးခဲ့သူတွေအနက် အများစုဟာ ရောဂါအခံရှိသူများဖြစ်ပေမဲ့ တစ်ဦးကတော့ ရောဂါအခံမရှိဘဲ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ 

"ရောဂါအခံမရှိဘဲ သေဆုံးနေတာ နိုင်ငံတကာမှာလည်း သာဓကတွေ အများကြီးရှိပါတယ်။ အခံရှိသူတွေကတော့ သေဆုံးမှုနှုန်း ပိုများတယ်၊ အခံမရှိတဲ့သူတွေကတော့ ရုတ်တရက်ဖောက်ပြီးဖြစ်တတ်တယ်၊ ရောဂါ မှန်းရခက်တယ်။ ဒါကြောင့် ကာကွယ်တာ အကောင်းဆုံးပါ။ ဖြစ်လို့ပေါ့သွားတယ်ဆိုတာ မရှိပါဘူး၊ အတတ်နိုင်ဆုံး အိမ်မှာပဲနေကြပါ၊ မလိုအပ်ဘဲ အပြင်မထွက်ပါနဲ့၊ အိမ်ထဲကနေပဲ သတင်းပို့ကြပါ" ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က