၉ လအတွင်း ကမ္ဘာတစ်ဝန်း လူဦးရေ သန်း ၃၀ကျော်ကို လျင်မြန်စွာ ကူးစက်သွားခဲ့ပါတယ်။

ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်ခံရသူ အရေအတွက်ဟာ ယနေ့ (စက်တင်ဘာ ၁၇ ရက်) မှာ သန်း ၃၀ ကျော်လွန်လာခဲ့ကြောင်း ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ COVID-19 ဖြစ်ပွားမှုအခြေအနေ ကိန်းဂဏန်းတွေကို အချိန်နဲ့တစ်ပြေးညီ ဖော်ပြနေတဲ့ Worldometers ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။

(Image: Worldometers webpage screengrab)

၂၀၁၉ ခုနှစ် ဒီဇင်ဘာလကုန်က တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ဟာ ၉ လအတွင်း ကမ္ဘာတစ်ဝန်း လူဦးရေ သန်း ၃၀ကျော်ကို လျင်မြန်စွာ ကူးစက်သွားခဲ့ပါတယ်။ လက်ရှိအချိန်အထိ COVID-19 ကြောင့် ကမ္ဘာတစ်ဝန်းမှာ လူဦးရေ ၉၄၅,၀၀၀ ကျော် သေဆုံးခဲ့ပြီး ၂၁.၈ သန်းကျော် ပြန်လည်သက်သာခဲ့ပါတယ်။



တစ်ကမ္ဘာလုံးမှာ COVID-19 ကူးစက်မှုဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်နေ့က ၂၉ သန်းကျော်လွန်ခဲ့တာဖြစ်ပြီး ၄ ရက်အတွင်း နောက်ထပ် ကူးစက်ခံရသူ ၁ သန်းကျော် တိုးလာခဲ့ပါတယ်။ COVID-19 ကြောင့် သေဆုံးသူအရေအတွက်ကတော့ စက်တင်ဘာ ၁၃ ရက်နေ့မှာ ၉၂၅,၀၀၀ ကျော်မှ ၄ ရက်ကျော်အတွင်း ၂၀,၀၀၀ ကျော် တိုးလာခဲ့တာ တွေ့ရပါတယ်။

(Photo: Reuters)

Worldometers ကိန်းဂဏန်းတွေအရ တစ်ကမ္ဘာလုံးမှာ ကူးစက်ခံရသူ သန်း ၃၀ ကျော်အနက် ၇ သန်းကျော်ဟာ COVID-19 လူနာအဖြစ် ကုသမှုခံယူနေရဆဲ အခြေအနေလည်း ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ အမေရိကန်က ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ လူဦးရေ ၆.၈ သန်းကျော် ကူးစက်ခံထားရပြီး သေဆုံးသူ ၂၀၀,၀၀၀ ကျော်ရှိခဲ့ပါတယ်။

ကူးစက်မှုနဲ့ သေဆုံးမှု ဒုတိယအများဆုံးဖြစ်တဲ့ တောင်အာရှဒေသမှ အိန္ဒိယနိုင်ငံမှာ ကူးစက်မှုတွေ လျင်မြန်စွာ ဆက်တိုက် မြင့်တက်နေခဲ့ပြီး ယခုအခါ COVID-19 ကူးစက်ခံရသူ ၅.၁ သန်း ကျော်နဲ့ သေဆုံးသူဦး ၈၃,၀၀၀ ကျော်ပြီဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာ တတိယမြောက် ကူးစက်မှုအများဆုံးဖြစ်တဲ့ ဘရာဇီးနိုင်ငံမှာလည်း ကူးစက်ခံရသူ စုစုပေါင်း ၄.၄ သန်းကျော်နဲ့ သေဆုံးသူ ၁၃၄,၀၀၀ ကျော်ရှိလာခဲ့ပါတယ်။ 

(Photo: AFP)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က စက်တင်ဘာ ၁၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ ကိန်းဂဏန်းတွေအရ တစ်ကမ္ဘာလုံးမှာ ၂၄ နာရီအတွင်း ကူးစက်မှုအသစ် ၃၀၇,၉၃၀ တိုးလာခဲ့ပြီး နေ့အလိုက် ကူးစက်မှုအများဆုံးအဖြစ် စံချိန်သစ်တင်ခဲ့ပါတယ်။

ကူးစက်ခံရသူ အများဆုံး တိုးလာတဲ့နိုင်ငံတွေမှာ အိန္ဒိယ၊ အမေရိကန်နဲ့ ဘရာဇီးတို့ဖြစ်ကြောင်း WHO ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ သို့သော် အမေရိကန်မှာ ကူးစက်မှုအသစ်တွေ့ရှိရမှုဟာ ယခင်က ကူးစက်ဖြစ်ပွားမှု အထွတ်အထိပ်ရောက်ခဲ့တဲ့ ဇူလိုင် ၁၆ ရက်နေ့မှာ ၇၇,၀၀၀ ကျော်ကနေ ယခုအခါ ၄၄ ရာခိုင်နှုန်းခန့် လျော့ကျသွားခဲ့တယ်လို့ ဆိုပါတယ်။ ထို့အတူ ဘရာဇီးနိုင်ငံမှာလည်း ကူးစက်မှုတွေ လျော့ကျလာမယ့် အလားအလာတွေ့ရတယ်လို့ သိရပါတယ်။

(Photo: AFP)

ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်မှုတွေဟာ အာဂျင်တီးနား၊ အင်ဒိုနီးရှား၊ မော်ရိုကို၊ စပိန်နဲ့ ယူကရိန်း အပါအဝင် နိုင်ငံ ၅၈ ခုမှာ မြင့်တက်နေဆဲဖြစ်ကြောင်း Reuters သတင်းဌာနရဲ့ လေ့လာဆန်းစစ်မှုက ဖော်ပြပါတယ်။ COVID-19 ကူးစက်မှုတွေဟာ အရှေ့တောင်အာရှမှာ နေ့စဥ် တရိပ်ရိပ်တိုးလာနေဆဲ ဖြစ်ပါတယ်။

အရှေ့တောင်အာရှမှာ ဖိလစ်ပိုင်က ကူးစက်ခံရသူ ၂၇၆,၀၀၀ ကျော်ဖြင့် ကူးစက်မှုအများဆုံး နိုင်ငံဖြစ်ပြီး အင်ဒိုနီးရှားမှာတော့ ကူးစက်ခံရသူ ၂၃၂,၀၀၀ ကျော် တွေ့ရှိထားပြီး ဒေသတွင်း ကူးစက်မှု ဒုတိယအများဆုံး ဖြစ်ပါတယ်။ COVID-19 ကြောင့် သေဆုံးမှုမှာတော့ အင်ဒိုနီးရှားက အရှေ့တောင်အာရှ နိုင်ငံတွေအနက် အများဆုံးဖြစ်ပြီး လက်ရှိအချိန်အထိ သေဆုံးသူ ၉,၂၀၀၀ ကျော်ရှိခဲ့ပါတယ်။

ဖိလစ်ပိုင်က သေဆုံးသူ ၄,၇၀၀ ရှိခဲ့ပြီး အရှေ့တောင်အာရှမှ COVID-19 ကြောင့် သေဆုံးမှု ဒုတိယအများဆုံး ဖြစ်ပါတယ်။ အရှေ့တောင်အာရှဒေသတွင်း နိုင်ငံ ၁၁ နိုင်ငံမှာ COVID-19 ကူးစက်ခံရသူ စုစုပေါင်း ၅၇၀,၀၀၀ ကျော်၊ သေဆုံးသူ ၁၄,၀၀၀ နီးပါးနဲ့ ပြန်လည်သက်သာလာသူ ၄၃၇,၀၀၀ ကျော်ရှိကြောင်း ယနေ့ မနက်ပိုင်းအထိ ကိန်းဂဏန်းအချက်အလက်တွေအရ သိရှိရပါတယ်။

မြန်မာနိုင်ငံမှာတော့ ဩဂုတ်လလယ်ပိုင်းမှစပြီး ကူးစက်မှုတွေ မြင့်တက်လာခဲ့ရာ အများစုဟာ ပြည်တွင်းကူးစက်မှုတွေ ဖြစ်နေပါတယ်။ လတ်တ‌လော ရက်ပိုင်းအတွင်း မြန်မာနိုင်ငံမှာ နေ့စဥ် ကူးစက်မှုအရေအတွက် ရာဂဏန်း တိုးလာနေခဲ့ပြီး သေဆုံးသူဦးရေဟာလည်း သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။ ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနက စက်တင်ဘာ ၁၇ ရက် မနက် ၈ နာအချိန် ထုတ်ပြန်မှုအရ COVID-19 အတည်ပြုလူနာ စုစုပေါင်း ၃,၈၉၅ ဦးနဲ့ သေဆုံးသူ ၅၇ ဦးနဲ့ ပြန်လည်သက်သာပြီး ဆေးရုံမှဆင်းခွင့်ရသူ ၉၀၈ ဦးရှိခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က