ကမ္ဘာတစ်ဝှမ်းမှ လူတွေဟာ ဒေါသ၊ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေ ပိုများလာကြကြောင်း ကမ္ဘာအနှံ့မှာ ပြုလုပ်ခဲ့တဲ့ စစ်တမ်းသစ်ရလဒ်က ဖော်ပြပါတယ်။
(Photo: iStock)
ကမ္ဘာ့နိုင်ငံပေါင်း ၁၄၀ မှ လူဦးရေ ၁၅၀,၀၀၀ ကို မေးမြန်းခဲ့တဲ့ စစ်တမ်းအရ သုံးပုံတစ်ပုံဟာ စိတ်ဖိစီးမှုခံစားနေကြရပြီး လူတစ်ဦးမှာ အနည်းဆုံးတစ်ဦးက ဝမ်းနည်းမှု သို့မဟုတ် ဒေါသဖြစ်မှု ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီ အခြေစိုက် အချက်အလက်ဆိုင်ရာနဲ့ အကြံပေးကုမ္ပဏီ Gallup က ထုတ်ပြန်လိုက်တဲ့ ၂၀၁၉ ခုနှစ် ကမ္ဘာတစ်ဝှမ်း စိတ်ခံစားမှုများ အစီရင်ခံစာမှာ ယခုတွေ့ရှိချက်တွေကို ဖော်ပြထားပါတယ်။
Gallup စစ်တမ်းက ကမ္ဘာတစ်ဝှမ်းမှ လူတွေကို ၎င်းတို့ကြုံရတဲ့ အပြုသဘောဆောင်တဲ့ အတွေ့အကြုံ (ကောင်းတဲ့အတွေ့အကြုံ) စိတ်ခံစားချက်နဲ့ အပျက်သဘောဆောင်တဲ့ အတွေ့အကြုံ (မကောင်းတဲ့အတွေ့အကြုံ) စိတ်ခံစားချက်တွေအပေါ် မေးမြန်းခဲ့တယ်လို့ဆိုပါတယ်။ ထိုသို့ မေးမြန်းခဲ့ရာမှာ ချတ်ဒ် (Chad) နိုင်ငံမှာ အပျက်သဘောဆောင်တဲ့ အတွေ့အကြုံစိတ်ခံစားမှု အများဆုံးကြုံရတဲ့ နိုင်ငံဖြစ်ပြီး အပြုသဘောဆောင်တဲ့ အတွေ့အကြုံစိတ်ခံစားမှု အများဆုံးကြုံရတဲ့ နိုင်ငံကတော့ ပါရာဂွေးနိုင်ငံဖြစ်တယ်လို့ အစီရင်ခံစာက ပြောထားပါတယ်။
(Photo: BigNewsLive)
အပြုသဘောဆောင်မှုကြုံရတဲ့ နိုင်ငံတွေအနက် အမေရိကန်က အဆင့် ၃၉၊ ဗြိတိန်က ၄၆ နဲ့ အိန္ဒိယကတော့ အဆင့် ၉၃ နေရာမှာ ရပ်တည်နေကြောင်းလည်း သိရပါတယ်။ ယခုအစီရင်ခံစာကို ပြုစုခဲ့တဲ့ သုတေသီတွေက စစ်တမ်းကောက်ယူမှု မပြုလုပ်မီနေ့မှာ လူတွေ တွေကြုံခဲ့ရတဲ့ အတွေ့အကြုံတွေကို အဓိက မေးမြန်းခဲ့တာဖြစ်ပါတယ်။
ထိုသို့မေးမြန်းရာမှာ 'မနေ့က ပြုံးခဲ့သလား သို့မဟုတ် ဟက်ဟက်ပက်ပက် ရယ်ခဲ့သလား'၊ 'တလေးတစား ပြုမူဆက်ဆံမှုကြုံခဲ့ရလား' စတဲ့မေးခွန်းတွေကို မေးမြန်းခဲ့ပြီး လူတွေရဲ့ နေ့စဉ်အတွေ့အကြုံတွေကို သိရှိနိုင်ရန် လုပ်ဆောင်ခဲ့ပါတယ်။ မေးခွန်းတွေကို ဖြေဆိုခဲ့ကြသူ ၇၁ ရာခိုင်နှုန်းခန့်က စစ်တမ်းမကောက်မီနေ့မှာ အတော်အတန် ပျော်ရွှင်မှုရခဲ့တယ်လို့ ဆိုပါတယ်။
(Photo: 3News)
စစ်တမ်းမှာပါဝင်ခဲ့သူ ၃၉ ရာခိုင်နှုန်းကတော့ စစ်တမ်းမကောက်မီနေ့မှာ ပူပန်သောကဖြစ်ခဲ့ကြောင်းနဲ့ ၃၅ ရာခိုင်နှုန်းက စိတ်ဖိစီးမှု ခံစားခဲ့ရကြောင်း ဖြေဆိုခဲ့ကြပါတယ်။ ယခုစစ်တမ်းရလဒ်အရ စိတ်ဖိစီးမှုခံစားသူ၊ စိုးရိမ်ပူပန်မှုဖြစ်ရသူ သို့မဟုတ် ဝမ်းနည်းရသူ ရာခိုင်နှုန်းဟာ ပိုမိုမြင့်တက်လာခဲ့ကြောင်း သိရပါတယ်။
Gallup စစ်တမ်းအရ လက်တင်အမေရိက နိုင်ငံတွေဖြစ်ကြတဲ့ ပါရာဂွေး၊ ပနားမားနဲ့ ဂွာတီမာလာတို့မှာ အပြုသဘောဆောင်မှု အများဆုံးကြုံရတဲ့ စာရင်းမှာ ထိပ်ဆုံးကနေ ရပ်တည်နေပါတယ်။ ထိုနိုင်ငံမှ လူတွေက နေ့ရက်တိုင်းမှာ အပြုသဘောဆောင်တဲ့ စိတ်ခံစားမှုများစွာ ခံစားရတယ်လို့ ပြောကြပါတယ်။
(Photo: Gallup)
ချတ်ဒ်နိုင်ငံမှာတော့ လူ ၁၀ ဦးမှာ ၇ ဦးက အစားအစာ ကုန်ကျစရိတ်အတွက် ရုန်းကန်ခဲ့ကြရတယ်လို့ ပြောပါတယ်။ ချတ်ဒ်နိုင်ငံမှာရှိတဲ့ လူဦးရေ ၆၁ ရာခိုင်နှုန်းအထိဟာ ကိုယ်ခန္ဓာ နာကျင်မှုကြုံခဲ့ရကြောင်းလည်း ပြောခဲ့ကြပါတယ်။ ချတ်ဒ်နိုင်ငံမှာ အခြေခံအဆောက်အအုံ မလုံလောက်မှုနဲ့ ပြည်တွင်းပဋိပက္ခတွေ ကြုံနေရကြောင်းလည်း သိရပါတယ်။
အပြုသဘောဆာင်တဲ့ အတွေ့အကြုံ အများဆုံးနိုင်ငံများ
- ပါရာဂွေး
- ပနားမား
- ဂွာတီမာလာ
- မက္ကစီကို
- အယ်လ်ဆာဗေဒို
အပျက်သဘောဆာင်တဲ့ အတွေ့အကြုံ အများဆုံးနိုင်ငံများ
- ချတ်ဒ်
- နိုင်ဂျာ
- ဆီရာလီယွန်
- အီရတ်
- အီရန်
Source: BBC, Gallup