ကမာရွတ်မြို့နယ်မှာဖြစ်ပွားခဲ့တဲ့ အနုကြမ်းစီးမှု တရားခံတွေအနက် ပြစ်မှုကျူးလွန်သူ ၆ ဦးကို ဖမ်းဆီးရမိခဲ့ပြီး အဓိကခိုင်းစေသူ အမျိုးသမီးကမူ ထွက်ပြေးတိမ်းရှောင်နေ သဖြင့် ဖမ်းဆီးရမိမှုမရှိသေးဘူးလို့ သိရပါတယ်။
ဒီလုယက်မှုဟာ မိန်းမရှုပ်တဲ့ အမျိုးသားတစ်ဦးကို မှတ်လောက်သားလောက်အောင် ဆုံးမပေးဖို့ ခိုင်းစေခဲ့ခြင်းဖြစ်တယ်လို့ ပြစ်မှုကျူးလွန်သူတွေက ထွက်ဆိုထားတယ်လို့ တိုင်းဒေသကြီး ရဲတပ်ဖွဲ့ကနေ ယနေ့ သြဂုတ်လ ၁၇ ရက်မှာ သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၁၀ ရက်နေ့က ကမာရွတ်မြို့နယ် ရွှေကွန်းကွန်ဒို မှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးကို အမည်မသိအမျိုးသား ၃ ဦးက ဖမ်းဆီးချုပ်နှောင်ပြီး ငွေကျပ် Phone X တစ်လုံးနဲ့ iPad 3 တစ်လုံး (စုစုပေါင်း ခန့်မှန်းတန်ဖိုး ၁,၉ဝဝ,ဝဝဝ ကျပ်ဖိုး) လုယူထွက်ပြေးသွားခဲ့တာကြောင့် ကမာရွတ်မြို့မ ရဲစခန်းမှာ အမှုဖွင့်တိုင်တန်းထားခဲ့တာ ဖြစ်ပါတယ်။
"အခင်းဖြစ်တဲ့နေ့က တရားလိုနေအိမ်ကို သူနဲ့ လွန်ခဲ့တဲ့တပတ်လောက်က ရင်းနီးခဲ့တယ်ဆိုသူ မနီနီဝင်း လာပြီး ခဏအကြာ အမည်မသိ လူငယ်(၃)ဦး နေအိမ်ထဲဝင်လာပြီး ဝိုင်းချုပ်နှောင်လို့ ပြန်လည်ခုခံတော့ အသင့် ယူလာတဲ့ ဓားနဲ့ ထိမိပြီး တရားလိုယာဘက်ပေါင်နဲ့ ယာဘက်လက်ဖဝါးမှာ ပြတ်ရှဒဏ်ရာ(၁) ချက်စီ ရရှိခဲ့တယ်။ နောက် တရားလိုကို ပါးစပ်နဲ့ လက်နှစ်ဘက်ကို တိတ်နဲ့ တုပ်နှောင်ပြီး ခြေထောက်ကိုပါ လက်ထိပ်ခပ်ထားတယ်။ပြီးတော့ iPhone X အနက်ရောင်ဖုန်း (၁)လုံး၊ iPad 3 ငွေရောင်(၁)လုံး ၊ စုစုပေါင်းတန်ဖိုး ၁,၉ဝဝ,ဝဝဝ ကျပ်ဖိုး လုယူထွက်ပြေးသွားလို့ လူငယ်(၃)ဦးနဲ့ မနီနီဝင်း ကို အရေးယူပေးဖို့ ကမာရွတ်ရဲစခန်းမှာ အမှုဖွင့်ခဲ့တယ်။ ခုတော့ ကျူးလွန်သူ တွေကိုမိပြီ၊တစ်ယောက်ပဲ ကျန်တော့တယ်လို့ " ကမာရွတ် မြို့မရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။
ဓာတ်ပုံ - Yangon Police
ဒါကြောင့် လုယက်မှုရဲ့ ပြစ်မှုကျူးလွန်သူတွေကို စုံစမ်း ရှာဖွေဖမ်းဆီးခဲ့ရာ မနီနီဝင်း၊ ဝင်းမင်းထွန်း(ခ)စွမ်းထက်(ခ)ဖန်သီ၊ ကျော်ငြိမ်း(ခ) ကျောက်ကျားကျော်၊ နိုင်းနိုင်း(ခ)နဂါး(ခ)မင်းဟိန်း၊ သျှားလေး(ခ)သျှား၊ စနေမောင်(ခ) ထက်အာကာဇော် တို့ကို ဖမ်းဆီးရမိခဲ့ပြီလို့သိရပါတယ်။
ဖမ်းဆီးရမိသူတွေကို စစ်ဆေးခဲ့ရာ သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန်အမှတ်(၁) ရပ်ကွက်၊ ဝေဇယန္္္တာလမ်းနှင့် ရိပ်သာ(၅)လမ်း၊ အမှတ်(၇၇/၇၈)နေ ဒေါ်ခင်ခင်ဝင်း က ၎င်းနှင့် ပတ်သက် နေတဲ့ အမျိုးသားဟာ တခြားအမျိုးသမီးတွေနဲ့ ရှုပ်ပွေနေတာကြောင့် မှတ်လောက်သားလောက်အောင် ဆုံးမပေးဖို့ မနီနီဝင်းနှင့် ဝင်းမင်းထွန်း(ခ)စွမ်းထက်(ခ)ဖန်သီ တို့ကို အကူအညီတောင်းခံခဲ့ကြောင်း၊ ဝင်းမင်းထွန်း(ခ)စွမ်းထက်(ခ)ဖန်သီ ကမှ လှိုင်သာယာမြို့နေ နိုင်းနိုင်း(ခ)နဂါး(ခ)မင်းဟိန်းပါ (၃)ဦးကို ငွေကျပ်(၂၅)သိန်းဖြင့် ငှားရမ်းပြီး ပြစ်မှုအား ပူးပေါင်းကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါကြောင့် ဒေါ်ခင်ခင်ဝင်းကို ဖမ်းဆီးရမိရေဆောင်ရွက်ခဲ့ပေမယ့် ၎င်းက ပြစ်မှုကျူးလွန်ပြီးနောက် နေအိမ်ကနေ ထွက်ပြေး တိမ်းရှောင်သွားတာကြောင့်ဖမ်းဆီးရမိရေး လုပ်ဆောင်နေကြပါတယ်။
လတ်တလော ဖမ်းဆီးရမိသူ ၆ ဦးကိုတော့ ဥပဒေနှင့်အညီ တရားစွဲတင်ပို့နိုင်ရေးလုပ်နေတယ်လို့ သိရပါတယ်။
အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်ပါသည်။
Share