ကမာရွတ်မြို့နယ်က ရွှေကွန်းကွန်ဒိုမှာဖြစ်ပွားခဲ့တဲ့အနုကြမ်းစီးမှုမှာ သတင်းတွေထွက်နေသလိုရွှေငွေရတနာပစ္စည်းတွေလုယက်မခံရဘဲ လက်ကိုင်ဖုန်းနှစ်လုံးသာယူဆောင်သွားခဲ့တယ်လို့ ကမာရွတ်မြို့နယ်၊ မြို့မရဲစခန်းကသိရပါတယ်။
သြဂုတ်လ၁၀ရက်နေ့ ညက ကမာရွတ်မြို့နယ်၊ (၁)ရပ်ကွက်၊ ရတနာမြိုင်လမ်း၊ရွှေကွန်းကွန်ဒိုမှာဖြစ်ပွားခဲ့တဲ့ အနုကြမ်းစီးမှုနဲ့ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာမှာပျံ့နှံ့နေတဲ့ အချက်အလက်အချို့လွဲမှားနေတယ်လို့ လည်းသိရပါတယ်။ အနုကြမ်းစီးသူတွေက အိမ်ရှင်တွေကို ဓားနဲ့မွှန်းနှိပ်စက်ခဲ့တာ မရှိသလို ရွှေငွေရတနာတွေ ယူဆောင်သွားတယ်ဆိုတဲ့ သတင်းတွေကလည်းမှန်ကန်မှုမရှိဘူးလို့ ကမာရွတ်မြို့နယ်၊ရဲစခန်းတာဝန်မှူးက Duwun ကို အတည်ပြုပြောကြားပါတယ်။
“အိမ်ကလူတွေကို ခြေထောက်ကို လက်ထိပ်နဲ့ခတ်ပြီးပါးစပ်တွေကို တိပ်နဲ့ပတ်တာတော့ရှိတယ် ။ ဓားနဲ့မွှန်းတာမဟုတ်ဘူး။ ယောကျ်ားလေးက ပြန်ခုခံတော့ ဟိုဘက်က ဓားနဲ့တိုက်ခိုက်ရင်း ပေါင်မှာဒဏ်ရာရသွားတာဖြစ်ပါတယ် ။ လက်ကိုင်ဖုန်းနှစ်လုံးပဲ ယူသွားတယ်" လို့ ကမာရွတ်မြို့နယ် မြို့မရဲစခန်း တာဝန်ကျရဲအရာရှိက Duwun ကိုပြောပါတယ်။ လက်ရှိမှာတော့ တရားလိုဘက်ကတိုင်ကြားချက်အရ (ပ)၇၇၉/၂၀၂၀ နဲ့ ရာဇသတ်ကြီးပုဒ်မ ၃၉၄ ၊ ၃၄၂ ၊ ၁၁၄ တို့နဲ့ ပြစ်မှုကျူးလွန်သူ သုံးဦးကို အမှုဖွင့်ထားပြီးဖမ်းဆီးရမိရေးအတွက်ရပ်ကွက်အတွင်းက CCTV တွေကနေတဆင့် စုံစမ်းနေဆဲဖြစ်တယ်လို့လည်းသိရပါတယ်။