ကမာရွတ်မြို့နယ်မှာ လမ်းဘေးကလေး ၁၀၀ ခန့်ရှိတယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းထဲက ကမာရွတ်မြို့နယ်ဟာ လမ်းဘေးကလေးအများဆုံးတွေ့ရှိရပြီး လမ်းဘေးကလေးငယ်များ ကျက်စားရာ နေရာဖြစ်နေတယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းအတွင်း မြို့နယ်ပေါင်း ၄၅ မြို့နယ်ရှိပြီး လမ်းဘေးကလေး အများဆုံးတွေ့ရတဲ့ ကမာရွတ်မြို့နယ်မှာ လမ်းဘေးကလေး ၁၀၀ ခန့်ရှိကာ ဒုတိယ အများဆုံးကတော့ ရန်ကုန်မြို့လယ် (Downtown ဧရိယာ) ဖြစ်တယ်လို့ ကလေးအခွင့်အရေးကွန်ရက်ရဲ့ စစ်တမ်းအရ သိရပါတယ်။

" ကမာရွတ်မှာ လမ်းဘေးကလေး အများဆုံးတွေ့ရတယ်။အရေအတွက်ဆို ၁၀၀ လောက်ရှိမယ်၊ ဒုတိယက downtown ရှိမယ်၊ ဘူတာကြီးရှိမယ်၊ ကမ်းနားရှိမယ်ပေါ၊အဲ့ဒီလူစည်ကားရာနေရာတွေမှာ လှုပ်ရှားကြတာတွေ့ရတယ်။ဒါကျနော်တို့ စစ်တမ်းအရ သိရတာပေါ့။ လုံးဝငယ်သေးတဲ့ကလေးကို မတရားဖိနှိပ်ခိုင်းတာကျ ယုတ်မာတယ်ပေါ့။ ဒါမျိုးကတော့ တရားဥပဒေအရသွားတယ်၊အုပ်ထိန်းသူကိုထောင်ဒဏ်ပေါ့။"လို့ ကလေးအခွင့်အရေးကွန်ရက် တည်ထောင်ထားသူ ကိုဇွဲကပြောပါတယ်။

ကလေးအခွင့်အရေးကွန်ရက်မှ လမ်းဘေးကလေးများအား စစ်တမ်းလိုက်လံကောက်ယူနေစဉ်

လမ်းဘေးကလေးတွေထဲမှာ လိမ္မာတဲ့ ကလေးပုံစံတွေရှိသလို ဆိုးသွမ်းအဆင့်ရှိတဲ့ ကလေးတွေရှိတာကြောင့် လမ်းဘေးကလေးစစ်တမ်းကောက်တဲ့အခါ အမျိုးအစားသုံးမျိုးခွဲခြားကောက်ရတယ်လို့ဆိုပါတယ်။လမ်းဘေးကလေးတွေဟာ ပုံစံမျိုးစုံနဲ့ လှုပ်ရှားကြတာဖြစ်လို့ မီးပွိုင့်တွေမှာ စံပယ်ပန်းရောင်းတာမျိုးရှိသလို ဆိုးသွမ်းလုပ်ကိုင်တာမျိုးလည်းရှိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ ရန်ကုန်စည်ပင်သာယာနယ်နမိတ်အတွင်းရှိမြို့နယ်တွေက တောင်းရမ်းစားသောက်သူပေါင်း ၁၀၀၀ ကျော်ကို ထိန်းသိမ်းခဲ့ပြီး ၎င်းတို့ကို သက်ဆိုင်ရာ စောင့်ရှောက်ရေး ဂေဟာတွေဆီ ပို့ဆောင်ပေးခဲ့ကြောင်း ရန်ကုန်စည်ပင်သာယာရေးကော်မတီရဲ့ စာရင်းအရ သိရပါတယ်။

"တောင်းရမ်းစားသောက်တာတွေ ပိုများလာတာက မေတ္တာရယ်၊ မုဒိတာရယ်၊ ကရုဏာရယ်၊ ဥပေက္ခာရယ်ကြောင့်ဖြစ်တယ်။ သူတို့က business သဘောမျိုး ငွေလွယ်လွယ်ရတယ် ဆိုပြီးတောင်းရမ်းစားသောက်ပုံစံမျိုးတွေ ဖြစ်လာပြီး များလာကြတာဖြစ်တယ်။"လို့ ရန်ကုန်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။

လမ်းဘေးကလေးတွေနဲ့ပတ်သက်လို့ စံပယ်ပန်းရောင်းသူတွေကို ညဘက်မှာ ကိုယ်စား ပန်းရောင်းချပေးပြီး စာသင်ပေးကြတဲ့ ပရဟိတလူငယ်တွေလည်းရှိပါတယ်။တောင်းရမ်းစားသောက်နေတဲ့ ကလေးသူငယ်တွေအများစုဟာ လူစည်ကားရာနေရာတွေနဲ့ မီးပွိုင့်လမ်းဆုံလမ်းခွတွေမှာ ပုံစံမျိုးစုံနဲ့တောင်းရမ်းနေကြပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့ထားသော သတင်းဖြစ်ပါသည်။

Share

Loading Next Article...
က္က