ပိုချက်တီနိုရဲ့ ပီအက်စ်ဂျီကတော့ ရီးရဲလ်မက်ဒရစ်နဲ့ မရင်ဆိုင်ရခင်မှာ နိုက်သ်ငယကို အဝေးကွင်းမှာ အရေးနိမ့်သွားခဲ့ပါတယ်။ ဘတ်ပီမပါဝင်ခဲ့ပေမယ့် မက်ဆီ၊ နေမာ၊ ဒီမာရီယာတို့ရဲ့ တောင်အမေရိကတိုက်စစ်ပိုင်းနဲ့ ပွဲထွက်လာခဲ့ပြီး အဓိကကစားသမားတွေလည်း ပါဝင်လာခဲ့ပေမယ့် အဝေးကွင်းမှာ ရှုံးပွဲတွေ့သွားခဲ့တာပဲဖြစ်ပါတယ်။
ကမ္ဘာ့ဈေးအကြီးဆုံးကစားသမား၊ လစာအများဆုံးလို့ ယုံကြည်ရတဲ့ကစားသမားတွေ ဦးဆောင်ခဲ့တဲ့ ပီအက်စ်ဂျီတိုက်စစ်ဟာ တပွဲလုံးမှာ ဂိုးပေါက်တည့်မှုနှစ်ကြိမ်တည်းသာရှိခဲ့ပါတယ်။ နိုက်စ်ကတော့ ဂိုးပေါက်တည့်မှု ၆ ကြိမ်အထိရှိခဲ့ပြီး အိမ်ကွင်းမှာ ထိပ်သီးကလပ်တသင်းကို ကောင်းကောင်းတုံ့ပြန်သွားနိုင်ခဲ့ပြီး အဖိုးတန်နိုင်ပွဲကိုပါ ရယူနိုင်ခဲ့ပါတယ်။
ဒီပွဲအရေးနိမ့်ခဲ့လို့ ပီအက်စ်ဂျီအတွက် စိတ်ပူစရာမရှိပေမယ့်လည်း သူတို့ရဲ့ကစားပုံကတော့ အပြသ်တင်ချင်စရာရှိနေခဲ့ပါတယ်။ အထူးသဖြင့် ကစားသမားအင်အား အရမ်းကွာခြားလွန်းချိန်မှာ ဖိဖိစီးစီးကစားပြီး ဖိအားပေးနိုင်မှုနည်းပါးခဲ့ကာ လျော့တိလျော့ရဲ့ကစားဟန်က ဘာနေဗျူးမှာ သွားကစားရမယ့် ချန်ပီယံလိဂ်ဒုတိယအကျော့ပွဲစဉ်အတွက် စိတ်ပူစရာပါပဲ။
မက်ဆီကတော့ ဂိုးပေါက်ထပ်ပျောက်နေဆဲဖြစ်ပြီး ကစားသမားဘဝမှာ အဆိုးရွားဆုံး ရဂိုးမှတ်တမ်းအဖြစ် စံချိန်တင်လာဖို့တောင် ရှိနေပါတယ်။ ဒဏ်ရာကသက်သာလာတဲ့ နေမာကလည်း ဂိုးပေါက်ပျောက်ခဲ့ပြီး ဘတ်ပီမပါဝင်ရင် ပီအက်စ်ဂျီတိုက်စစ်အားနည်းနေတာကို ပိုချက်တီနို မပြင်ဆင်နိုင်သေးပါဘူး။ အမှတ်ပေးဇယားရပ်တည်မှုမှာမစိုးရိမ်ရပေမယ့် သူတိုရဲ့ ခြေစွမ်းပိုင်းကတော့ စိတ်ပျက်စရာကောင်းနေခဲ့ပါတယ်။