မြန်မာနိုင်ငံသူနိုင်ငံသားတွေ မရောက်ဖူးသူမရှိလောက်အောင် ခရီးသွားရာသီသတ်မှတ်ပြီး သွားရတဲ့ စေတီလည်းဖြစ်ပါတယ်။

ဒီတစ်ခေါက်တော့ မြန်မာနိုင်ငံသားတွေ မရောက်ဖူးသူ မရှိလောက်‌အောင် ခရီးသွားရာသီရယ်လို့ သတ်သတ်မှတ်မှတ် သွားရောက်တတ်ကြတဲ့ ကျိုက်ထီးရိုးစေတီနဲ့ ပတ်သက်တဲ့ သမိုင်းကြောင်းလေးတွေ ပြောပြပေးချင်ပါတယ်။




စေတီတော် တည်ထားပုံ



ကျိုက်ထိုမြို့နယ်မှာရှိတဲ့ ကျိုက်ထီးရိုးစေတီတော်ဟာဆိုရင် အရှေ့ရိုးမတောင်တန်း တွေထဲက ပေါင်းလောင်းတောင်ပေါ်မှာ တည်ရှိပါတယ်။ မြန်မာနိုင်ငံထဲက တန်ခိုးကြီးစေတီတစ်ဆူလည်း ဖြစ်ပါတယ်။ ကျိုက်ထီးရိုးစေတီကို အစွဲပြုုပြီး စေတီတော်တည်ရှိရာတောင်ကို ကျိုက်ထီးရိုးတောင်လို့ ခေါ်ကြတာပါ။ ကျိုက်ထီးရိုးစေတီ တည်ရှိရာတောင်ထွက်ကနေ ပင်လယ်ပြင်ရေအမြင့်ပေ ၃၆၀၀ ခန့်မြင့်ပါတယ်။ ကျိုက်ထီးရိုးစေတီတော် တည်နေပုံမှာ အံ့အားသင့်ဖွယ်ကောင်းလှပါတယ်။ ကြီးမားမတ်စောက်တဲ့ ကျောက်ဆောင်တစ်ခုရဲ့ အစွန်းမှာ လုံးပတ်ပေ ၅၀ ခန့်ရှိတဲ့ ဦးခေါင်းပုံသဏ္ဌာန် ကျောက်လုံးကြီးတစ်ခုက ပြုတ်ကျခါနီးတည်းတည်းလေးဖြစ်နေတာပါ။ အဲဒီကျောက်တုံးကြီးပေါ်မှာမှ ဉာဏ်တော် ၁ ပေခန့် မြင့်တဲ့ စေတီတော် တည်ထားပါတယ်။ စေတီတော် တည်ရှိရာ ကျောက်ဆောင်နဲ့ ရင်ပြင်တော်ကို ချောက်တစ်ခုခြားနေတာကြောင့် သံတံတားငယ်နဲ့ ဆက်သွယ်ထားရပါတယ်။  စေတီတော်တည်ထားရာ ကျောက်တုံးကြီးဟာ လူတစ်ယောက် တွန်းရုံနဲ့တောင် လှုပ်နိုင်ပါတယ်။ ဒဒီကျောက်တုံးကို တွန်းပြီး အောက်ခံကျောက်အကြားကို အပ်ချည်ကြိုး သွင်းပြီး ဆွဲယူနိုင်ပါတယ်။ ကျိုက်ထီးရိုးဘုရားသမိုင်းမှာ မူအမျိုးမျိုး ကွဲနေတာကို တွေ့ကြမှာပါ။ စစ်ကဲကြီး ဦးရွှေနော် ရေးသားတဲ့ မွန်ရာဇဝင်နဲ့ စေတီတော် သမိုင်းပေါင်းချုပ်အရ ဖော်ပြပေးပါမယ်။


ကျိုက်ထီးရိုးဘုရားသမိုင်း


မြတ်စွာဘုရားသခင်ဟာ မဟာသက္ကရာဇ် ၁၁၁ ခုနှစ်ဆောင်ဥတုမှာ  သုဝဏ္ဏဘုမ္မိသထုံပြည်ကို  ကြွချီတော်မူခဲ့ရာ၊ သထုံဘုရင် တိဿဓမ္မ သီဟရာဇာမင်းနဲ့  မှူးမတ်ပြည်သူအပေါင်းတို့က စံကျောင်းတော်မဏ္ဍပ်ကြီးကို ဆောက်လုပ်လှူဒါန်းကြပါတယ်။  ဘုရားသခင်က ဒီမင်္ဂလာမဏ္ဍပ်တော်မှာ  ၇ ရက်တိုင်တိုင် စံနေတော်မူစဉ် များစွာသော ဝေနေယျသတ္တဝါတို့ကို  တရားတော် အမြိုက်ဆေး တိုက်ကျွေးတော်မူခဲ့ပါတယ်။ ဒီအချိန်မှာ  ဂစ္ဆဂိရိ တောင်က တိဿကုမာရ ရသေ့၊ ဗန္ဓဝဂိရိ တောင်က သီဟကုမာရ ရသေ့၊ ကုသိနာရုံတောင်က ရသေ့၊ ဒိုးကမော့ခတွံဂလိုင်းတောင်က ဗုဒ္ဓဏရသေ့၊ ဒိုးခလွန်တောင်က ရသေ့၊ မဲလံတောင်က ရသေ့၊ ပေါင်း ရသေ့ ၆ပါးတို့ဟာ မြတ်စွာဘုရားကို  ဖူးမြော်ကန်တော့ကြပြီးနောက် ဓါတ်တော် မွေတော်တွေ  ချီးမြှင့်မစဖို့ လျှောက်ထားတောင်းပန်ကြတဲ့အတွက်  ရသေ့တစ်ပါးကို  ဆံတော်တစ်ဆူစီ ပေးသနားတော်မူခဲ့ပါတယ်။ 



 နောက်နေ့တွေမှာတော့  မွတ်လအိတောင်က ကပ္ပရသေ့၊ မွတ်လအပ်တောင်က နာဒရ ရသေ့၊ ဝါဂရုနယ် လမိုင်း ကေလာသတောင်က ရသေ့၊ ကျိုက္ကမီတောင်က ရသေ့၊ ကော့ယက္ခဇုပ်သွတ်  ကျွန်းက ဘီလူးညီနောင် ၂ယောက်၊ ဒိုးယွန်းတောင်က ရသေ့၊ ဆောင်ခဲတောင်က အလ္လကပ္ပရသေ့၊ ပေါင်းပုဂ္ဂိုလ် ၇ ဦးတို့ အဖူးအမြော်ရောက်လာကြပြီး သူတို့ကိုလည်း ဆံတော်တစ်ဆူစီ ပေးသနားတော်မူခဲ့ပါတယ်။  တိဿဓမ္မသီဟရာဇာမင်းကိုလည်း ဆံတော် ၂ဆူ ချီးမြှင့် ပေးသနားတော်မူခဲ့ပါတယ်။  ဒိုးကမော့ခလွံဂလိုင်းတောင်က ဗုဒ္ဓဉာဏရသေ့၊ ဒိုးခလွန်တောင်က ရသေ့နဲ့  ကုသိနာရုံတောင်က ရသေ့တို့ဟာ  သူတို့ရရှိထားတဲ့  ဆံတော်ဓာတ်တွေကို ဌာပနာခြင်းမပြုကြဘဲ သိမ်းဆည်းထားကြပါတယ်။  ကာလအတန်ကြာတဲ့အခါမှာတော့ ဒိုးခလွန်ရသေ့နဲ့  ကုသိနာရုံရသေ့တို့ဟာ  အိုမင်းမစွမ်းဖြစ်လာကြပြီး  အာနရောဂါစွဲကပ်လာတာကြောင့် မကွယ်လွန်မီ ရရှိထားတဲ့  ဆံတော်တွေကို ဗုဒ္ဓါဏရသေ့ကို  ပေးအပ်ခဲ့ပါတယ်။ ဗုဒ္ဓါဏရသေ့ဟာ ဆံတော်ဓာတ် ၃ဆူကို မပျောက်မပျက်ရအောင် ဆံကျစ်အတွင်း စည်းနှောင်ထားပါတယ်။ နောင်နှစ်ကာလ အတန်ကြာလာချိန်မှာတော့ အနာရောဂါနှိပ်စက်လာတဲ့အတွက် ရသေ့ကြီးဟာ သူကွယ်လွန်သွားခဲ့ရင် ဒီ ဆံတော်ဓာတ် ၃ဆူကို ဘယ်လိုထားခဲ့ရမလဲဆိုပြီး တွေးတောပူပန်နေပါတော့တယ်။ ဒါကို သိကြားမင်းသိသွားတဲ့အတွက်  လူ့ပြည်ဆင်းပြီး  ရသေ့ကြီးရဲ့  ဆန္ဒအတိုင်း ရသေ့ကြီးဦးခေါင်းနဲ့  တူတဲ့  ကျောက်တုံးကို ရှာဖွေကာ ကျောက်တုံးထဲကို သန်လျက်နဲ့  ထွင်း ဆံတော်တစ်ဆူကို ဌာပနာခဲ့ပါတယ်။ ဒီလို ကျောက်တုံးပေါ်မှာ  တည်ထားခဲ့တဲ့ စေတီတော်ကို မွန်ဘာသာနဲ့  ကျိုက်အိသိရိုး၊ မြန်မာဘာသာနဲ့  ရသေ့ရွက်သော ဘုရား လို့ ခေါ်ပါတယ်။ 


ကြာလာတဲ့အခါမှာတော့ ကျိုက်အိသိရိုးကနေ ကျိုက်ထီးရိုးဆိုပြီး ဖြစ်လာခဲ့ပါတော့တယ်။ ကျန်ဆံတော် ၂ဆူကိုလည်း သိကြားမင်းက ဒိုးခလွန်တောင်နဲ့ ကုသိနာရုံတောင်တွေမှာ အသီးသီးဌာပနာပေးခဲ့ကြောင်းကို သမိုင်းတွေမှာ ဖော်ပြထားပါသေးတယ်။  ဒီစေတီတော်တွေကတော့ ကေလာသနဲ့  ကုသိနာရုံဆိုပြီး လူသိများပါတယ်။ 




ယနေ့ခေတ်အမြင်


ကျိုက်ထီးရိုး ရင်ပြင်တော်ကနေ  မြင်ရတဲ့ ရှုမျှော်ခင်းဟာ အလွန်သာယာပါတယ်။  အနောက်ဘက်ကို မျှော်ကြည့်မယ်ဆိုရင်  စစ်တောင်းမြစ်ကို ကျော်လွန်ပြီး  ပဲခူးရွှေမော်ဓော စေတီတော်ကို ဖူးမြင်နိုင်ပါတယ်။ ကျိုက်ထီးရိုးစေတီတော်ကို တက်ဖို့  လမ်း ၂ မျိုးရှိပါတယ်။ တစ်မျိုးကတော့ စစ်တောင်းရွာကနေ တက်ရတဲ့  လမ်းဖြစ်ပြီး ကျန်တစ်မျိုးကတော့  ကျိုက်ထိုမြို့ကနေ မော်တော်ကားနဲ့  ၉မိုင်ခန့် ဝေးတဲ့ ကင်မွန်းစခန်းမှ တက်ရတဲ့  လမ်းဖြစ်ပါတယ်။  ဒုတိယလမ်းကတော့  ဒီနေ့ခေတ် ဘုရားဖူးတွေ အသုံးပြုတဲ့လမ်းပါ။  ကင်မွန်းစခန်းကနေ ကျိုက်ထီးရိုးရင်ပြင်တော်အထိ ၇ မိုင်ခွဲခန့်ရှိပြီး  စခန်းပေါင်း၂၇ စခန်းကို ဖြတ်ကျော်သွားပတယ်။ ယခုအခါမှာတော့ ကျိုက်ထိုမြို့နယ်ကို လာရောက်ဖို့ရာ  ရထားလမ်း၊ ကားလမ်းတွေ ရှိနေပြီဖြစ်တာက တစ်ကြောင်း၊ တောင်တက်ဖို့အတွက် စောင့်ဆိုင်းရန်မလိုတာကတစ်ကြောင်း ကြောင့်  လူပရိတ်သတ်မှာ ယခင်ထက်ပင် စည်ကားနေပါတော့တယ်။ 


ကျိုက်ထီးရိုးဘုရားပွဲတော်


ကျိုက်ထီးရိုးဘုရားပွဲတော်ကတော့ နှစ်စဉ် တပို့တွဲလကနေ  တန်ခူးလအထိဖြစ်ပါတယ်။ ပွဲတော်အချိန်မှာ  မြန်မာနိုင်ငံအရပ်ရပ်က  ထောင်သောင်းမကတဲ့ ဘုရားဖူးတွေ  လာရောက်ကြပါတယ်။ ယနေ့ခေတ်မှာတော့  နိုင်ငံတစ်ကာက ကမ္ဘာလှည့်ခရီးသည်တွေပါ လာရောက်ကြတဲ့အတွက်  ယခင်ကထက် များစွာစည်ကားနေပါတော့တယ်။ ဘုရား တက်ရာလမ်းတစ်လျောက်မှာ  ဘုရားဖူးတွေနားနေ တည်းခိုဖို့ အတွက် ရေမြောင်လေး၊ ရွှေရင်ဆို့၊ ကင်ပြွမ်းပင်၊ ရေမြောင်ကြီး၊ ဘိုးပြန်တောင်၊ စိုင်တစ်မော့အစရှိတဲ့  စခန်းတွေမှာပဲ စျေးဆိုင်ကန္နားတွေ ရှိနေပါတယ်။  ကင်မွန်းစခန်းမှာ  ဘိုးဘိုးကြီးနတ်နဲ့ ဟုံးနတ်စင်တွေရှိပြီး လမ်းခရီးမှာတော့  မျှော်တော်ယောင်စေတီ၊ လွမ်းစေတီ၊ ကျောက်သမ္ဗာန် စတဲ့  စေတီငယ်တွေ၊ ရွှေနန်းကျင်နတ်၊ ပန်းတင်နတ် စတဲ့  နတ်ကွန်းတွေကို တွေ့ရမှာဖြစ်ပါတယ်။  အသက်အရွယ်ကြီးရင့်သူတွေနဲ့  အိုမင်းမစွမ်းသူတွေအတွက် ရင်ပြင်ထိရောက်အောင် ပို့ဆောင်ပေးမယ့် အထမ်းပုခက်တွေ ရှိပါတယ်။



တောင်တက်ကားတွေနဲ့လည်း  နေ့ချင်းပြန် သွားရောက်ဖူးမျှော်နိုင်ကြပြီဖြစ်ပါတယ်။  ဘုရားဖူးတွေဟာတော့  ကျိုက်ထီးရိုးဘုရားကတစ်ဆင့် မုဆိုးဘုရား၊ ဖားဘုရား၊ ငါးဘုရား၊ နဂါးဘုရားတွေကို ဖြတ်ပြီး ၄ မိုင်ခန့်ဝေးတဲ့  ကျောက်ထပ်ကြီးဘုရားကိုလည်း သွားရောက်ဖူးမြှော် ဆုတောင်းလေ့ရှိကြပါတယ်။ ကျိုက်ထီးရိုးဘုရား ရင်ပြင်တော်ပေါ်က ဘိုးဘိုးကြီး နတ်ရုပ်နဲ့  ကျိုက်ထီးရိုးဘုရား မြောက်ဘက်က ကျီးကန်းပါးစပ်ခေါ် ကျောက်ဂူနေရာတွေမှာ  ဆုတောင်း အဓိဌာန်ပြု အမွှေးနံ့သာ ပက်ဖြန်းတာ ၊ ၊ ပိုက်ဆံပစ်ထည့်တာတွေ ပြုလုပ်တတ်ကြပါတယ်။ 


ယခု ခရီးသွားဆောင်းပါးကို Duwun နှင့် Flymya မှ ပူးပေါင်းတင်ဆက်ပါသည်။



Share

Loading Next Article...
က္က