အဲဗာတန်ဂိုးသမား ပစ်ဖို့ဒ်ကတော့ ဒီကနေ့ည အစောပိုင်းမှာ ကစားသွားတဲ့ ချဲလ်ဆီးနဲ့ ပရီးမီးယားလိဂ်အိမ်ကွင်းပွဲမှာ အသင်းရဲ့နိုင်ပွဲအတွက် အဓိကနေရာကနေ လက်စွမ်းပြသွားခဲ့ပါတယ်။ ဒီပွဲမှာ အဲဗာတန်က ချဲလ်ဆီးကို ရစ်ချာလီဆန်ရဲ့ တလုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။
ဒုတိယပိုင်းစပြီး မကြာခင်မှာတင် ချဲလ်ဆီးနောက်ခံလူ အက်ဇ်ပီလီကွီတာရဲ့အမှားကတဆင့် ရစ်ချာလီဆန်က မန်ဒီနဲ့တယောက်ချင်းအတွေ့မှာ အကောင်းဆုံး အဆုံးသတ် ကန်သွင်းပေးခဲ့ပါတယ်။ အဲ့ဒီနောက် မကြာခင်မှာပဲ အဲဗာတန်တို့ ချေပဂိုးပြန်ပေးရမလိုဖြစ်ခဲ့ပါတယ်။
ပွဲကစားချိန် (၅၈) မိနစ်မှာ ချဲလ်ဆီးက မေဆင်မောင့်ရဲ့ ကန်ချက်က တိုင်ထိထွက်သွားခဲ့ပြီး နောက်တကြိမ် ထပ်မံ အဆုံးသတ်တဲ့ အက်ဇ်ပီလီကွီတာရဲ့ အပိုင်ကန်ချက်ကို ပစ်ဖို့ဒ်က ချက်ချင်းဆိုသလို ပြန်ထကာ အကောင်းဆုံး ပုတ်ထုတ်ကာကွယ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ တော်ရုံဂိုးသမားဆိုရင်တော့ အက်ဇ်ပီလီကွီတာရဲ့ ကန်ချက်က ဂိုးသွားလောက်ပြီလို့ဆိုနိုင်ပါတယ်။
ဒါပေမယ့် ပစ်ဖို့ဒ်ရဲ့ တုံ့ပြန်မှုက မြန်ဆန်ခဲ့သလို အက်ဇ်ပီလီကွီတာရဲ့ ကန်ချက်ကိုလည်း ဂိုးစည်းပေါ်ကနေပဲ အံ့အားသင့်ဖွယ် ထပ်မံကာကွယ်သွားခဲ့တာဖြစ်ပါတယ်။ ပစ်ဖို့ဒ်ဟာ ဒီပွဲမှာ နိုင်လိုစိတ်အပြည့်နဲ့သူ့ရဲ့အမူအရာကို ပြသခဲ့ပြီး ချဲလ်ဆီးနောက်ခံလူ ရူဒီဂါရဲ့ နောက်ထပ်အပိုင်အခွင့်အရေးတကြိမ်ကိုလည်း ထပ်မံ ကာကွယ်နိုင်ခဲ့ပါသေးတယ်။
ဒါ့အပြင် ပွဲပြီးခါနီးမှာလည်း ချဲလ်ဆီး ကွင်းလယ်လူ ကိုဗာဆစ်ရဲ့ ထိုးဖောက်မှုကိုလည်း ထပ်မံလက်စွမ်းပြ ကာကွယ်နိုင်ခဲ့ပြီး အဲဗာတန်ရဲ့ နိုင်ပွဲအတွက် အဓိက သူရဲကောင်းတယောက်ဖြစ်ခဲ့ပါတယ်။ အဲဗာတန်ဟာ ဒီနိုင်ပွဲကြောင့် တန်းဆင်းဇုန်က လွတ်မြောက်ဖို့အတွက် ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရှိလာခဲ့ပြီး တပွဲလျော့အနေအထားမှာ အဆင့် (၁၇) က လိဒ်စ်ထက် (၂) မှတ်သာ လျော့နည်းပါတော့တယ်။