ပရိသတ်တွေဟာ မနေ့ညက ဘလွန်းဒီအော်ဆုပေးပွဲမှာ ဘာစီလိုနာ ကွင်းလယ်ကြယ်ပွင့် ဂါဗီတယောက် ကမ္ဘာ့အကောင်းဆုံး လူငယ်ကစားသမားဆုရရှိခဲ့တဲ့အပေါ် ပြစ်တင် ဝေဖန်နေကြပါတယ်။ ပြီးခဲ့တဲ့နှစ်ရဲ့ ကမ္ဘာ့အကောင်းဆုံး လူငယ်ကစားသမားဆုကို ဘာစီလိုနာ ကွင်းလယ်လူ ပီဒရီက ဆွတ်ခူးရရှိခဲ့ပါတယ်။
ဒီနှစ်မှာလည်း ဘာစီလိုနာရဲ့ နောက်ထပ်ကြယ်ပွင့် ဂါဗီကပဲ ဒီဆုကို ဆွတ်ခူးခဲ့တာဖြစ်ပြီး ဒီအပေါ်မှာ ပရိသတ်တွေက မကျေမနပ်ဖြစ်နေတာပါ။ အထူးသဖြင့် ဒေါ့မွန်ကြယ်ပွင့် ဘယ်လင်ဟမ်၊ ဘိုင်ယန်မြူးနစ်ကြယ်ပွင့် မူဆီအာလာတို့ ဒီဆုကိုမရရှိခဲ့တဲ့အပေါ် ဝေဖန်နေကြပြီး အာဆင်နယ် တိုက်စစ်ကြယ်ပွင့် ဆာကာ ထိပ်ပိုင်း (၅) ယောက်စာရင်းထဲတောင် မဝင်တဲ့အပေါ်မှာလည်း ပရိသတ်တွေက စိတ်ပျက်နေပါတယ်။
ဒါ့အပြင် ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် ကာမာဗင်ဂါနဲ့ ဂါဗီအကြား နှိုင်းယှဥ်မှုတွေမှာလည်း ငြင်းခုန်မှုတွေရှိနေပါတယ်။ CBS ဂျာနယ်လစ် ဘင်ဂျက်ကော့ဘ်ကလည်း “ဘယ်လင်ဟမ်က ဘယ်လိုဖြစ်လို့ ထိပ်ဆုံးသုံးယောက်ထဲတောင် မပါရတာလဲ” လို့ဆိုပြီး ဂျာနယ်လစ် မူဆိုလမ်ကလည်း “ဂါဗီက မူဆီအာလာ၊ ဘယ်လင်ဟမ်တို့ကိုကျော်ပြီး ဘယ်လိုဆုရခဲ့တာလဲ။ ဒီနှစ်ယောက်ကတောင် ပိုမို ထိုက်တန်ပါသေးတယ်” လို့ မှတ်ချက်ပြုခဲ့ပါတယ်။
ဒေါ့မွန်ပရိသတ်တွေကလည်း “ဘယ်လင်ဟမ်က ကမ္ဘာ့အကောင်းဆုံး လူငယ်ကစားသမားဆုအတွက် နှစ်နှစ်ဆက်တိုက် ဓားပြတိုက်ခံလိုက်ရတာပါ။ ဂါဗီက ဘယ်လင်ဟမ်ထက် ဘယ်နေရာမှာ ဘယ်လိုပုံစံထက် ပိုကောင်းရတာလဲ” “ဘယ်လင်ဟမ်သာ ဘာစီလိုနာမှာ ကစားပြီး ဂါဗီက ဒေါ့မွန်အတွက် ကစားနေတယ်ဆိုရင် ဘယ်လင်ဟမ်က ဒီဆုကို ရမှာမဟုတ်လား”
“ဂါဗီက ဘယ်လင်ဟမ်ကိုကျော်ပြီး ဘလွန်းဒီအော်ရသွားတာက ကျနော့်ဘဝမှာမြင်ဖူးသမျှထဲ အဆိုးရွားဆုံး အကျင့်ပျက်ခြစားမှုပါပဲ” လို့ အပြင်းအထန် ဝေဖန်နေကြပါတယ်။ အသက် (၁၉) နှစ်အရွယ် ဘယ်လင်ဟမ်ဟာ ဒေါ့မွန်အတွက် အကောင်းဆုံးခြေစွမ်းပြနေပြီး မာကိုရူးစ်၊ ဟမ်းမဲလ်တို့ ဒဏ်ရာရနေချိန်မှာ အသင်းခေါင်းဆောင်အဖြစ် အသင်းကို အကောင်းဆုံး ထိန်းကျောင်းမောင်းနှင်နေပါတယ်။