ကန်ဆယ်လိုကတော့ မန်စီးတီးအနာဂတ်နဲ့ပတ်သက်လို့ ကျေနပ်အားရနေတာပါ။

မန်စီးတီး နောက်ခံလူ ကန်ဆယ်လိုက အသင်းရဲ့ ကွင်းလယ်လူ ဖိုဒန်ဟာ အနာဂတ်မှာ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးနိုင်မှာဖြစ်တယ်လို့ ဖွင့်ဟပြောကြားလိုက်ပါတယ်။ ဖိုဒန်ဟာ မန်စီးတီး အကယ်ဒမီထွက် ကစားသမားဖြစ်ပြီး ဂွါဒီယိုလာရဲ့ အဓိက,ကစားသမားအဖြစ် အချိန်တိုအတွင်း ခြေစွမ်းပြနိုင်ခဲ့ပါတယ်။



ကန်ဆယ်လိုဟာ မနေ့က မန်စီးတီးနဲ့အတူ (၅) နှစ်ခွဲ သက်တမ်းရှိ စာချုပ်သစ်တရပ်ကို ချုပ်ဆိုခဲ့ပြီး သူကလည်း မန်စီးတီးနည်းပြ ဂွါဒီယိုလာအတွက် အဓိက,ကစားသမားအဖြစ် ဒီရာသီမှာ အကောင်းဆုံး ခြေစွမ်းပြကစားနေပါတယ်။ ဂွါဒီယိုလာ အသင်းကို ရောက်လာပြီးနောက် မန်စီးတီးက လူငယ်ကစားသမားတွေကို ကောင်းကောင်းပျိုးထောင်ဖို့ ကြိုးစားလာတယ်လို့ဆိုနိုင်ပါတယ်။

ဒီအထဲမှာတော့ အသက် (၂၁) နှစ်အရွယ် ဖိုဒန်က အထင်ရှားဆုံးဖြစ်ပြီး အရွယ်နဲ့မလိုက်အောင် တည်ငြိမ်တဲ့ ခြေစွမ်းတခုကို ပြသထားနိုင်ပါတယ်။ ဖိုဒန်နဲ့ ပတ်သက်လို့ ကန်ဆယ်လိုက “ဒီအသင်းနဲ့ ပတ်သက်လို့ ကျနော် အများကြီး ယုံကြည်ချက်ရှိပါတယ်”

“ဘာကြောင့်လဲဆိုတော့ တောက်ပတဲ့ အနာဂတ်ကို ပိုင်ဆိုင်ထားတဲ့ လူငယ်ကစားသမား အများအပြား အသင်းမှာရှိနေလို့ပါ။ ဖိုဒန်က ကမ္ဘာ့အကောင်းဆုံး ကစားသမားတယောက် ဖြစ်လာနိုင်ပါတယ်။ မဖြစ်လာဘူးဆိုရင်တောင် အနည်းဆုံးတော့ သူက အကောင်းဆုံးတွေထဲက တယောက်ဖြစ်လာမှာပါ” လို့ ချီးကျူးပြောကြားသွားခဲ့ပါတယ်။

ဖိုဒန်ဟာ လက်ရှိ ဘောလုံးရာသီမှာ မန်စီးတီးအတွက် (၂၂) ပွဲ ကစား (၇) ဂိုးသွင်း၊ (၆) ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ပေးထားနိုင်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာလည်း ဖိုဒန်က မန်စီးတီးအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း (၅၀) ကစားကာ (၁၆) ဂိုး သွင်းယူပေးနိုင်ခဲ့ပါသေးတယ်။ 

Share

က္က