Android လား iPhone လား

ကျွန်တော်တို့ရဲ့ သိချင်စိတ်တွေထဲက တစ်ခုက ထင်ပေါ်ကျော်ကြားသူ Cele တွေရဲ့ လူနေမှုဘဝပုံစံအကြောင်းပါပဲ။

Cele တွေ ဘယ် Brand သုံးသလဲ ၊ Tesla CEO အီလွန်မတ်စ် ဘယ်ကားစီးသလဲ။ ရာသီဥတုအကြောင်း သိဖို့ Alexa ကို ဂျက်ဖ်ဘီဇော့စ် သုံးသလား။ ဘီလ်ဂိတ်စ်အကြိုက်ဆုံး Operating System က ဘာလဲ။ မတ်ခ်ဇူကာဘတ်ကရော Data Privacy ဖြစ်အောင် ဘယ်လိုနေလဲ....




ဒီမေးခွန်းတွေထဲမှာ အခုတစ်ခေါက် ဖြေသွားမယ့်မေးခွန်းက Tech ဘီလျံနာတွေ ဘယ်ဖုန်းကိုင်သလဲ ဆိုတဲ့ မေးခွန်းပါပဲ။


(၁) ဘီလ်ဂိတ်စ်

Photo: Yahoo News


Microsoft တည်ထောင်သူတစ်ဦးဖြစ်တဲ့ ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် ဘီလျံနာကြီး အများဆုံးသုံးတဲ့ ထုတ်ကုန်တွေက Android ထုတ်ကုန်တွေလို့ ဆိုပါတယ်။ တစ်ခါတလေတော့လည်း သူ့လက်ထဲမှာ iPhone ကိုင်ပြီး ပွဲတက်လာတာ မြင်ဖူးကြပါလိမ့်မယ်။ နေ့စဉ် အသုံးများတာကတော့ Android ဖုန်းပါတဲ့။

သူသုံးနေတဲ့ iPhone ကလည်း အတော်လေး ဒိတ်အောက်နေတဲ့ ဖုန်းပါ။ မကြာသေးခင်ကအထိ သူကိုင်နေတာ iPhone 5S ဖြစ်ပါတယ်။ သူကိုယ်တိုင် Windows ဖုန်းတွေ ထုတ်ခဲ့ပေမယ့် ‌၂၀၁၆ ကစပြီး ဈေးကွက်မှာ မရှိတော့တဲ့ ဖုန်းအစား လူသုံးများတဲ့ Android ထုတ်ကုန်တွေပဲ သုံးတော့တာ ဖြစ်ပါတယ်။ 


တလောကတော့ ဘီလ်ဂိတ်စ်နေ့စဉ် ကိုင်နေတဲ့ စမတ်ဖုန်းဟာ တောင်ကိုရီးယားစမတ်ဖုန်းကုမ္ပဏီ Samsung က ထုတ်လုပ်ထားတဲ့ Galaxy Z Fold 3 ပဲလို့ ဆိုပါတယ်။ ဒီဖုန်းကို ဘီလ်ဂိတ်စ်ကိုယ်တိုင် အတော်လေး သဘောကျနေပုံရပါတယ်။ "အခုကိုင်နေတာ Galaxy Z Fold 3 ပါ။ မတူတာလေး ကိုင်ချင်လို့လေ။ ဖုန်းလိုရော Laptop လိုရော သုံးလို့ရတယ်လေ"တဲ့။


(၂) ဂျက်ဖ်ဘီဇော့စ်


Photo: Yahoo News

ကမ္ဘာ့ဒုတိယအချမ်းသာဆုံး Amazon သူဌေးကြီးကတော့ ၂၀၁၂ အထိ Blackberry ဖုန်း သုံးခဲ့ပြီး သိရသလောက် သူနောက်ဆုံးကိုင်တဲ့ဖုန်းဟာ Samsung ဖုန်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကလည်း Amazon ကနေ ကိုယ်ပိုင် Fire Phone အမှတ်တံဆိပ်မထွက်ခင်အထိ ဖြစ်ပါတယ်။ Fire Phone ထုတ်ကုန်မိတ်ဆက်ပွဲမှာ ဂျက်ဖ်ဘီဇော့စ်လက်ထဲမှာ Amazon ထုတ် Fire Phone ကိုင်ထားပါတယ်။ အခုလက်ရှိမှာ ဂျက်ဖ်ဘီဇော့စ်တစ်ယောက် ဘယ်ဖုန်းကိုင်နေမလဲဆိုတာတော့ မသိရတော့ပါဘူး။


(၃) အီလွန်မတ်စ်

Photo: Boss Hunting

Tesla ကားကုမ္ပဏီနဲ့ SpaceX အာကာသလုပ်ငန်းတည်ထောင်သူလည်း ဖြစ် ဒီနှစ်ပိုင်းမှာ ကမ္ဘာ့အချမ်းသာဆုံးနေရာကိုလည်း ရောက်လာသူဖြစ်တဲ့ အီလွန်မတ်စ်ကတော့ iPhone User ဖြစ်ပါတယ်။ လူတွေ့အင်တာဗျူးတွေမှာလည်း iPhone ၊ iPad တွေ သုံးကြောင်း သူကိုယ်တိုင် မကြာခဏပြောလေ့ရှိပါတယ်။ အခုဆို နောက်ဆုံးပေါ် iPhone သုံးမယ်လို့ ခန့်မှန်းရပါတယ်။ 


လူမှုကွန်ရက်တွေပေါ်မှာ ကောလာဟာလဖြစ်နေတဲ့ Tesla ထုတ် နည်းပညာမြင့် Tesla Pi Phone ဆိုတာကြီးကတော့ အခုထိ မသေချာသေးတဲ့ ထုတ်ကုန်လို့ ဆိုရမှာပါ။


(၄) အီဗန်စပိုက်ဂဲလ်


Photo: Business Insider

နောက်ထပ် iPhone User တစ်ဦးက Snapchat တည်ထောင်သူ အီဗန်စပိုက်ဂဲလ်ပဲ ဖြစ်ပါတယ်။ လက်ရှိ ဘယ်မော်ဒယ်အမျိုးအစား သုံးနေသလဲ မသိရပေမယ့် iPhone ကို ကာဗာတပ်မသုံးတတ်ဘူးလို့လည်း ပြောထားပါတယ်။ 


(၅) မတ်ခ်ဇူကာဘတ်

Photo: Business Insider

Facebook CEO မတ်ခ်ဇူကာဘတ်နဲ့ Apple အကြားမှာ အဖုအထစ်တွေ အများကြီး ရှိခဲ့ပေမယ့် သူကိုင်တဲ့ဖုန်းဟာ iPhone ဖြစ်တယ်လို့ ဆိုပါတယ်။ Apple အမှုဆောင်တွေနဲ့ ကိုယ်ရေးကိုယ်တာဆက်စပ်မှုတွေ ရှိတာကြောင့် Apple ဆီက iPhone အလကားရလို့ သုံးတာလည်း ဖြစ်နိုင်ပါတယ်။ Apple မှာ privacy မူဝါဒပြောင်းလဲလိုက်ပြီးနောက် Facebook နဲ့ Apple အကြားလည်း ပွဲဖြစ်သွားခဲ့ပါတယ်။


(၆) တင်မ်ကွတ်

Photo: Business Insider

Apple CEO တစ်ယောက်ကတော့ iPhone ပဲ သုံးမယ်ဆိုတာ မေးစရာတောင် လိုမယ်မထင်ပါဘူး။ လူတွေရှေ့မှာ သူ့ကို တွေ့တိုင်းလည်း နောက်ဆုံးပေါ် iPhone တစ်လုံး ကိုင်လျက်သားပဲ တွေ့ရပါတယ်။ တင်မ်ကွတ်စိတ်ထဲမှာ သုံးချင်လို့ လက်ယားခဲ့ဖူးတဲ့ Android ဖုန်း ရှိမလားဆိုတာကတော့ ဘယ်သူမှ သိနိုင်မယ် မထင်ပါဘူး။


(၇) လယ်ရီပေ့ချ်နဲ့ ဆာဂီဘရင်း

Photo: The New Yorker

ဒီ Google တည်ထောင်သူနှစ်ဦးကတော့ Android ဖုန်းတွေပဲ အလဲအလှယ်နဲ့ ကိုင်နေကြတယ်လို့ ဆိုပါတယ်။ ဆာဂီဘရင်းဟာ အရင်က Nexus Phone ကိုင်ပါတယ်။ နောက်တော့ Google ကပဲ ထုတ်ထားတဲ့ Pixel ဖုန်း သုံးပါတယ်။ လယ်ရီပေ့ချ်ပထမဆုံး ကိုင်တဲ့ ဖုန်းက Blackberry ဖြစ်ပါတယ်။ ဒီနှစ်ယောက်လည်း iPhone ကိုင်ဖို့ စိတ်ဝင်စားသလားဆိုတာလည်း မေးချင်စရာပါပဲ။


(၈) ထရာဗစ်ကလန်နစ်

Photo: The Times


တစ်ခါက Uber တည်ထောင်ခဲ့သူနဲ့ အမှုဆောင်အရာရှိချုပ်ဟောင်း ထရာဗစ်ကလန်နစ်ခ်ကတော့ အပြင်မှာတွေ့တိုင်း iPhone ကိုင်လျက်သား တွေ့ရလေ့ရှိပါတယ်။ Uber ရှယ်ယာတွေ ရောင်းပြီး ကုမ္ပဏီကို စွန့်ခွာပြီးတဲ့ နောက်ပိုင်းမှာ သူ့ကို မီဒီယာမြင်ကွင်းကနေ သိပ်မမြင်ရတော့ပါဘူး။


(၉) ဆွန်ဒါ ပီချိုင်း


Photo: Business Insider


Google CEO ဆွန်ဒါပီချိုင်းဟာ ၂၀၀၆ ခုနှစ်မှာ သူ့ရဲ့ ပထမဆုံးစမတ်ဖုန်းကို ဝယ်သုံးခဲ့တယ်လို့ ဆိုပါတယ်။ သူပထမဆုံးကိုင်ဖူးတဲ့ ဖုန်းက ၁၉၉၅ ခုနှစ်က ထွက်တဲ့ Motorola StarTAC ဖြစ်တယ်လို့လည်း ပြောပါတယ်။ ၂၀၁၅ ခုနှစ်က အင်တာဗျူးတစ်ခုမှာ ပီချိုင်းက သူ့အိမ်မှာ ဖုန်းအလုံးရေ ၂၀-၃၀ လောက် ရှိတယ်လို့ ပြောဖူးပါတယ်။ ကြည့်ရတာ Google ဖုန်းတွေက ခပ်များများ ဖြစ်ပါလိမ့်မယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က