ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီးမှာ ကိုယ်ပိုင်အိမ်မရှိဘူးလို့ ဆိုပါတယ်။
Tesla သူဌေးကြီး အီလွန်မတ်စ်က နာမည်ကျော် TED Talks အစီအစဉ်တွေ တင်ဆက်နေတဲ့ TED နဲ့ အင်တာဗျူးတစ်ခုမှာ သူဟာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ပေမယ့် သူ့မှာ အိမ်တစ်လုံးတောင် ကိုယ်ပိုင်မရှိပါဘူးလို့ ပြောသွားပါတယ်။ ညဘက်အိပ်ဖို့အတွက် သူငယ်ချင်းအိမ်တွေက သူ့အိပ်ရာတွေ ဖြစ်လာခဲ့တယ်လို့လည်း ဆိုပါတယ်။ "တကယ်တော့ ကျွန်တော် အခုထိ အိမ်တစ်လုံးတောင် မပိုင်ပါဘူး။ သူငယ်ချင်းတွေဆီပဲ သွားနေရတာ။ ခင်ဗျား Tesla အင်ဂျင်နီယာပိုင်းတွေ အများစုလုပ်နေတဲ့ Bay Area ကို လာရင် တွေ့ရပါလိမ့်မယ်။ ကျွန်တော် သူငယ်ချင်းတွေရဲ့ အိပ်ရာအပိုတွေမှာ တစ်လှည့်စီ လိုက်အိပ်နေရတယ် ဆိုတာကို"။ လို့ ပြောပါတယ်။
အိမ်မပိုင်ပေမယ့် မတ်စ်မှာ ကိုယ်ပိုင်လေယာဉ်ရှိပါတယ်။ "လေယာဉ်မှ မသုံးရင် ကျွန်တော်အလုပ်လုပ်ချိန် နည်းသွားမှာပေါ့" လို့လည်း ပြောခဲ့ပါတယ်။ ဒေါ်လာဘီလျံ ၂၅၀ ကျော် ချမ်းသာတဲ့ သူဌေးကြီးမှာ အိမ်မရှိဘူးဆိုတဲ့ စကားကို လူတွေက ဟာသလို့ ထင်ခဲ့ပါတယ်။ ဒါပေမယ့် အီလွန်မတ်စ်ရဲ့ မိခင် မေယီမတ်စ်ကတော့ သူမသားရှိရာ တက္ကဆက်ကို အလည်သွားချိန်မှာ တကယ်ပဲ အိမ်ကောင်းကောင်းမရှိတာကို လက်ခံသွားခဲ့ပါတယ်။
The Sunday Times နဲ့ ယူကေမှာ အင်တာဗျူးလုပ်ချိန်မှာ အသက် ၇၄ နှစ်အရွယ် ရှိပြီ ဖြစ်တဲ့ မော်ဒယ်မင်းသမီးကြီး မေယီမတ်စ်က SpaceX ရုံးချုပ်တွေ ရှိတဲ့ တက္ကဆက်ကို သွားလည်ချိန်က ဂိုဒေါင်ထဲ အိပ်ခဲ့ရတယ်လို့ ရင်ဖွင့်ပါတယ်။ "ကျွန်မ (အဲ့ဒီမှာ) ဂိုဒေါင်တစ်ခုထဲ အိပ်ခဲ့ရတယ်။ ဒုံးကျည်လွှင့်တင်ရေး Site အနီးအပါးမှာ အိမ်ကောင်းကောင်း မရှိဘူးလေ" လို့ ပြောပါတယ်။ သူမ ညအိပ်ခဲ့တဲ့ အိမ်လေးက အိပ်ခန်းသုံးခုပါ အိမ်သေးသေးလေးပါ။ စတုရန်းပေ ၈၀၀ နဲ့ ၉၀၀ အကြားပဲ ရှိပြီး ကားဂိုဒေါင်ကို အိပ်ခန်းဖွဲ့ထားတဲ့ ချွေတာရေးအိမ်လို့ ဆိုရမှာပါ။
ဒီအိမ်အတွက် ခန့်မှန်းကုန်ကျစရိတ်က ဒေါ်လာ ၄၅၀၀၀ ခန့် ရှိပါတယ်။ "ကျွန်တော့်မိတ်ဆွေသူငယ်ချင်းတွေ ဒီကို လာပြီး တည်းတော့ ဒီအိမ်ထဲမှာ ကျွန်တော်နေတယ်ဆိုတာကို သူတို့ မယုံနိုင်ဖြစ်ခဲ့ကြတယ်" လို့ နောက်ပိုင်းမှာ မတ်စ်က ထုတ်ပြောခဲ့ပါတယ်။ မတ်စ်နေထိုင်တဲ့ နောက်အိမ်တစ်လုံးက ပိုသေးပါတယ်။ စတုရန်းပေ ၃၇၅ ပေပဲ ရှိပြီး သူ့ဆီလာတဲ့ ဧည့်သည်တွေကို အဲ့ဒီအိမ်မှာ ထားပါတယ်။ ဒေါ်လာ ၅ သောင်းလောက်တန်တဲ့ ဒီအိမ်ကိုတောင် သူရဲ့ SpaceX ကုမ္ပဏီဆီကနေပဲ ပြန်ငှားထားတာပါ။
အီလွန်မတ်စ်ဟာ အိမ်မဝယ်ချင်အောင် ကပ်စေးနည်းတဲ့သူတစ်ယောက်လို့လည်း မဆိုနိုင်ပါဘူး။ ၂၀၂၀ ပြည့်နှစ်ထဲမှာ သူဟာ ရုပ်ပိုင်းဆိုင်ရာပိုင်ဆိုင်မှုအားလုံးနီးပါး ရောင်းချသွားမှာ ဖြစ်ပြီး အိမ်တစ်လုံးတောင် ပိုင်မှာ မဟုတ်ဘူးလို့ ကြေညာခဲ့ပါတယ်။ အရင်က ပိုင်ဆိုင်ခဲ့တဲ့ ဒေါ်လာသန်း ၁၀၀ တန် အိမ်ခြံမြေတွေကိုလည်း ၂၀၂၁ ဇွန်လထဲမှာ အကုန်လုံး ရောင်းချခဲ့တယ်လို့ New York Times က ဖော်ပြပါတယ်။
မတ်စ်ဟာ သူ့ပိုင်ပစ္စည်းတွေ အကုန်ထုခွဲရောင်းချပြီး အင်္ဂါဂြိုလ်ပေါ် လူတွေ နေထိုင်နိုင်ရေးမစ်ရှင် နဲ့ လူသားမျိုးနွယ်ဆိုင်ရာ တခြားပရောဂျက်တွေအတွက် ပိုက်ဆံသုံးစွဲသွားမယ်လို့ ပြောထားပါတယ်။ "ကမ္ဘာမြေအတွက် Tesla နဲ့ တာရှည်ခံစွမ်းအင်တွေ တည်ဆောက်နေ ၊ အနာဂါတ်ရှေ့အမြင်နဲ့ ကာကွယ်ဖို့ တခြားဂြိုလ်တွေပေါ် လူတွေ နေနိုင်ရေးအတွက် SpaceX ၊ AI နဲ့ ဘေးအန္တရာယ်လျှော့ချရေးအတွက် Neuralink နဲ့ ယာဉ်ကြောကျပ်တဲ့ပြဿနာအဖြေရှာဖို့ Boring ကုမ္ပဏီ တည်ထောင်ထားတယ်" လို့ အီလွန်မတ်စ်က Tweet တင်ဖူးပါတယ်။
Twitter ကို ဝယ်ဖို့ ကိစ္စတုန်းကလည်း ဒီလူမှုကွန်ရက်ပလက်ဖောင်းကို လွတ်လပ်စာထုတ်ဖော်ပြောဆိုရေး ရင်ပြင်တစ်ခုအဖြစ် ပြောင်းလဲသွားမယ်လို့ ပြောခဲ့ပါတယ်။ အရောင်းအဝယ်ကိစ္စ သဘောတူညီချက်ရပြီး ၃ လခန့်အကြာမှာ အရောင်းအဝယ်ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ရာကနေ လက်ရှိမှာ Twitter နဲ့ ဒီလာဝဲလ်တရားရုံးမှာ အမှုရင်ဆိုင်နေရပါတယ်။ အမှုကို လာမယ့် အောက်တိုဘာလ ၁၇ ရက်နေ့မှာ စီရင်ချက်ချသွားဖို့ ရှိပါတယ်။