မန်ချက်စတာယူနိုက်တက်အသင်းပရိသတ်တွေဟာ သူတို့အသင်းကို ဝယ်ယူဖို့အတွက် ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီးအီလွန်မက်စ်ကို မက်ဆေ့ချ်ပို့ကာတောင်းဆိုလိုက်ကြပါတယ်။ တွစ်တာကို ဒေါ်လာ ၄၃ ဘီလျံနဲ့ ဝယ်ယူဖို့ ကမ်းလှမ်းထားတဲ့ အီလွန်မက်စ်ကို ဘောလုံးအသင်းတသင်းလည်း မပိုင်ဆိုင်ချင်ဘူးလားလို့ ယူနိုက်တက်ပရိသတ်တွေက မေးခွန်းထုတ်ခဲ့ကြပါတယ်။
အီလွန်မက်စ်ဟာ တွစ်တာရှယ်ယာဒေါ်လာ ၃ ဘီလျံဖိုးအထိ ဝယ်ယူကာ တွစ်တာရဲ့ တဦးချင်းအစုရှယ်ယာအများဆုံးပုဂ္ဂိုလ်ဖြစ်လာခဲ့သူပါ။ သူ့ကို ကုမ္ပဏီဘုတ်အဖွဲ့ဒါရိုက်တာအဖြစ် ခန့်အပ်ခဲ့ပေမယ့်လည်း လက်ခံခြင်းမရှိခဲ့ဘဲ တွစ်တာကို အလုံးစုံဝယ်ယူဖို့အတွက် ကမ်းလှမ်းခဲ့ပြီး သူ့ကမ်းလှမ်းချက်ကို လက်မခံပါက သူပိုင်ဆိုင်ထားတဲ့ ရှယ်ယာတွေကိုပါ ပြန်လည်ရောင်းထုတ်ပစ်မယ်လို့ ဆိုထားပါတယ်။
ယူနိုက်တက်ပရိသတ်တဦးက "ယူနိုက်တက်ကို ဝယ်ပြီး ကမ္ဘာ့အကောင်းဆုံးလူငယ်ကစားသမားတွေကို ဒေါ်လာ ၂ ဘီလျံဖိုးလောက်သာရင်းနှီးလိုက်၊ ငါ့ကိုယုံ၊ သိပ်မကြာခင် မင်းငွေတွေ ပြန်ရပြီးတော့ တွစ်တာမှာ ဒီအကြောင်းတွေဆူညံနေလိမ့်မယ်၊ တွစ်တာကို ဝယ်မနေနဲ့တော့" လို့ အီလွန်မက်စ်ကို ပြောဆိုခဲ့ကြောင်း Sportbible က ဆိုပါတယ်။
နောက်ထပ်ပရိသတ်တဦးကလည်း "ဘရိုရေ၊ ခင်ဗျား ဘောလုံးအသင်းတသင်းလောက်မပိုင်ချင်ဘူးလား၊ ယူနိုက်တက်ရှိတယ်နော်" လို့ တွစ်တာကတဆင့် အီလွန်မက်စ်ကို ပြောဆိုသွားခဲ့ပါတယ်။ ယူနိုက်တက်ပရိသတ်တွေကတော့ အသင်းရဲ့ ကျဆင်းလာတဲ့အနေအထားတွေကြောင့် ပိုင်ရှင်ဂလေဇာမိသားစုကို ဆန့်ကျင်ဆန္ဒပြနေပြီး အသင်းကို ပြန်လည်ရောင်းချဖို့အတွက် တွန်းအားပေးနေကြပါတယ်။
အီလွန်မက်စ်ကတော့ Tesla နဲ့ Space X တို့ရဲ့ CEO ဖြစ်ပြီး ကမ္ဘာ့အချမ်းသာဆုံးသူဌေးအဖြစ် သတ်မှတ်ခံထားရကာ တွစ်တာကို ဝယ်ယူဖို့ကမ်းလှမ်းထားတဲ့ပမာဏရဲ့ အစွန်းထွက်လောက်နဲ့တောင် ယူနိုက်တက်ကို ဝယ်ယူနိုင်စွမ်းရှိသူဖြစ်ပါတယ်။