တရုတ်ဘဏ်စနစ်ပေါ် ဝေဖန်တဲ့ ဂျက်မားရဲ့ စကားတစ်ခွန်းကြောင့် Alibaba နှိပ်ကွပ်ခံရပြီး ဈေးကွက်တန်ဖိုး ဘီလျံရာနဲ့ချီ ထိုးကျသွားခဲ့တယ်လို့ ဆိုပါတယ်။
Alibaba တည်ထောင်သူ ဂျက်မားဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလထဲမှာ တရုတ်ဘဏ်စနစ်တွေဟာ ခေတ်မမှီတော့တဲ့ အပေါင်ဆိုင်လို စီးပွားရှာနေကြတယ်ဆိုပြီး ဝေဖန်ခဲ့တာပါ။ "တရုတ်တွေ ပြောသလိုပဲ ခင်ဗျား ဘဏ်ကနေ ယွမ် ၁ သိန်းချေးရင် အတော်လန့်ရပြီ။ တကယ်လို့ ယွမ် ၁ သန်း ချေးရင် ခင်ဗျားရော ဘဏ်ပါ နည်းနည်းရင်ထိတ်နေရလိမ့်မယ်။ ဘဏ်ဆီက ယွမ် ၁ ဘီလျံချေးငွေ ယူရင် ခင်ဗျားမစိုးရိမ်တော့နဲ့ ဘဏ်ပဲ စိတ်ပူနေရတယ်။" ဆိုပြီး ပြောခဲ့တာ ဖြစ်ပါတယ်။
ဒီပြောကြားချက်ထွက်လာပြီးတဲ့နောက် မကြာခင်မှာ Alibaba ရဲ့ IPO ရှယ်ယာရောင်းမယ့် အစီအစဉ်ကို တရုတ်အာဏာပိုင်တွေက ဟန့်တားခဲ့သလို ဈေးကွက်လက်ဝါးကြီးအုပ်မှုတွေ ရှိတယ်ဆိုပြီး ယွမ် ၁၈.၂ ဘီလျံ (ဒေါ်လာ ၂,၈ ဘီလျံ) အထိ စံချိန်တင် ဒဏ်ရိုက်ခဲ့ပါတယ်။ ဂျက်မားလည်း လူမြင်ကွင်းကနေ ကာလအတန်ကြာ ပျောက်ကွယ်သွားခဲ့ပါတယ်။ တရုတ်အာဏာပိုင်တွေရဲ့ ၂၀၂၀ ဒီဇင်ဘာ တတိယပတ်က ဒဏ်ရိုက်မှုဟာ Alibaba ကုမ္ပဏီရဲ့ ဈေးကွက်တန်ဖိုး ၁၇% အထိ ထိုးကျစေခဲ့တာလည်း ဖြစ်ပါတယ်။
Alibaba ဖြိုခွင်းခံရပြီး တစ်နှစ်အကြာမှာ တရုတ် e-Commerce လုပ်ငန်းစုကြီးရဲ့ ဈေးကွက် တန်ဖိုးဟာ ဒေါ်လာ ၃၄၄ ဘီလျံအထိ ကျဆင်းသွားခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အကြီးမားဆုံး ဈေးကွက်တန်ဖိုး ထိုးကျမှုတစ်ခုလည်း ဖြစ်တယ်လို့ Bloomberg သတင်းက ဖော်ပြထားပါတယ်။ အာဏာပိုင်တွေဟာ Alibaba ပိုင် Ant Group ရဲ့ အစုရှယ်ယာဈေးကွက်တင်မှုကိုလည်း ရပ်နားဖို့ ဖိအားပေးခဲ့ပြီး ကုမ္ပဏီရဲ့ ဈေးကွက်မူဝါဒအပေါ် စုံစမ်းစစ်ဆေးနေသလို FinTech ဘဏ္ဍာရေးနည်းပညာစီးပွားရေးပုံစံ ပြန်လည်ဖွဲ့စည်းဖို့ပါ တွန်းအားပေးနေတယ်လို့ ဆိုပါတယ်။
Photo: Mint
အောက်တိုဘာ ၅ ရက်နေ့မှာ စီးပွားရေးလည်ပတ်မှု ၃၀% ဦးမော့လာပေမယ့် စတော့ရှယ်ယာတန်ဖိုးဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက အမြင့်ဆုံးအနေအထားထက် ၄၃% လျော့နည်းနေဆဲ ဖြစ်တယ်လို့လည်း သိရပါတယ်။ Alibaba အပြင် တရုတ်နိုင်ငံရဲ့ နေ့စဉ်လူမှုဘဝပေါ် လွှမ်းမိုးမှု ရှိနေတဲ့ TikTok ကုမ္ပဏီ ByteDance ၊ ဂိမ်းလုပ်ငန်းစု Tencent စတဲ့ နည်းပညာကုမ္ပဏီကြီးတွေကိုလည်း တရုတ်အာဏာပိုင်တွေက ဖြိုခွင်းအရေးယူမှုတွေ လုပ်ဆောင်နေပါတယ်။
တရုတ်အစိုးရအာဏာပိုင်တွေဟာ နည်းပညာကုမ္ပဏီတွေရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက် စုဆောင်းမှုကို ဆန့်ကျင်တားဆီးဖို့ တင်းကျပ်တဲ့ဥပဒေတစ်ရပ်လည်း ထုတ်ပြန်ထားပါတယ်။ ဩဂုတ်လ တတိယပတ်ထဲမှာ ထုတ်ပြန်လိုက်တဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်ကာကွယ်ရေးဥပဒေသစ်ဟာ ဒီနှစ် နိုဝင်ဘာလဆန်း ၁ ရက်နေ့ကစတင် အကျုံးဝင်မှာ ဖြစ်ပြီး ဒီဥပဒေကြောင့် တရုတ်နည်းပညာကဏ္ဍ ပိုပြီး အခက်တွေ့ဖို့ ရှိပါတယ်။