နော်တင်ဟမ်ဖောရက်စ်နဲ့ သရေကျခဲ့တဲ့ ပွဲမှာ မန်စီးတီးတိုက်စစ်မှူးဟာလန်းတယောက် သူ့ကန်ချက်ကို သူ မယုံကြည်နိုင်လောက်အောင်ကို ဖြစ်ခဲ့ရတဲ့ အခိုက်အတန့်ရှိခဲ့ပါတယ်။ ဒီပွဲမှာတော့ ဟာလန်းဂိုးပေါက်ပျောက်ခဲ့ပြီး အသင်းကလည်း ၁-၁ သရေသာဖြစ်ခဲ့တာကြောင့် မန်စီးတီးတို့ အာဆင်နယ်ရဲ့ ၂ မှတ်အသာစီးရရှိမှုကို ခံလိုက်ရပြီး အဆင့် ၂ နေရာအတွက်ပါ ယူနိုက်တက်ဆီက ခြိမ်းခြောက်မှုတွေကို တွေ့ကြုံရတော့မှာဖြစ်ပါတယ်။
ပွဲကစားချိန် မိနစ် ၆၀ ကျော်မှာ မန်စီးတီးတို့ နောက်ထပ်ဦးဆောင်ဂိုးထပ်ရမယ့် အခွင့်အရေးကို ရရှိခဲ့ပါတယ်။ ဖိုဒန်ရဲ့ ကန်သွင်းချက်ကို ကေလာနာဗက်စ်ပုတ်ထုတ်ခဲ့လို့ အံထွက်လာတဲ့ ဘောလုံးကို ဟာလန်းက အပိုင်ကန်သွင်းခဲ့ရာမှာ ဂိုးဘားတန်းထိပြီး ပြန်ထွက်လာခဲ့ပါတယ်။ ဒီလို တိုင်ထိထွက်လာတာကိုမှ ဟာလန်းက တချက်ထိန်းပြီး ဂိုးပေါက်နဲ့ အနီးကပ်ဆုံးနေရာကနေ အပိုင်ထပ်သွင်းရာမှာ ဂိုးဘားတန်းပေါ်ကနေ ကျော်သွားခဲ့တာပါ။
သူ့ရဲ့ ကန်သွင်းချက်ကို သူ ကိုယ်တိုင်ပဲ မယုံနိုင်အောင် ဟာလန်းတယောက်ဖြစ်ခဲ့ရပြီး မန်စီးတီးအသင်းဖော်တွေနဲ့ ဂိုးပေါက်နောက်က မန်စီးတီးပရိသတ်တွေပါ ဟာခနဲဖြစ်ခဲ့ရပါတယ်။ တော်တော်လေးကို အံ့အားသင့်ဖွယ်ရာလွဲချော်မှုဖြစ်ပြီး ဘောလုံးကို အင်နဲ့အားနဲ့ ကန်လေ့ရှိတဲ့ ဟာလန်းအတွက်တော့ ဒါက သင်ခန်းစာယူစရာဖြစ်လာခဲ့ပါတယ်။
ဟာလန်းက ဒီရာသီမှာ မန်စီးတီးအတွက် ပြိုင်ပွဲစုံသွင်းဂိုး ၃၂ ဂိုးအထိ သွင်းယူထားတာပါ။ ညကပွဲမှာသာ သူ့ရဲ့ ကန်ချက်ဂိုးရခဲ့မယ်ဆိုရင် မန်စီးတီးက ၂-၀ နဲ့ ပွဲကို ဦးဆောင်နိုင်မှာဖြစ်ကာ နိုင်ပွဲရဖို့ လုံလောက်တဲ့ အနေအထားဖြစ်ခဲ့မှာပါ။ ဂိုးမရခဲ့တဲ့နောက် နော်တင်ဟမ်ဖောရက်စ်က နောက်ကျချေပဂိုးပြန်သွင်းယူခဲ့ပြီး ၁-၁ သရေကစားကာ အိမ်ကွင်းမှာ အဖိုးတန်သရေတမှတ်ကို ပိုင်ဆိုင်သွားခဲ့ပါတယ်။
အခုအခါမှာ ယူနိုက်တက်နဲ့ မန်စီးတီးကြား ရမှတ်အားဖြင့် ၆ မှတ်သာ ကွာဟနေပြီး ဒီနေ့မှာ လက်စတာကို ယူနိုက်တက်က အနိုင်ရခဲ့ရင် မန်စီးတီးကို ၃ မှတ်အကွာနဲ့ ဖိအားပေးနိုင်မှာဖြစ်ပါတယ်။