မနေ့ညက ယူနိုက်တက်ကြယ်ပွင့်လေး ကိုဘီမိုင်နူးကို ဆောက်ဂိတ်က အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ရွေးချယ်လိုက်တဲ့နောက် ဒီအသင်းရဲ့ ကွင်းလယ်က စိတ်လှုပ်ရှားစရာ အပြည့် ရှိသွားပြီလို့ အားလုံးက သုံးသပ်နေကြပါတယ်။
မိုင်နူးဟာ ဒီရာသီမှ ယူနိုက်တက်အသင်းကြီးမှာ ဆက်တိုက် နေရာရလာတာဖြစ်ပြီး အခုလိုမျိုးပဲ အင်္ဂလန်လက်ရွေးစင်အသင်းကြီးမှာပါ ရွေးချယ်ခံခဲ့ရတာပါ။ မိုင်နူးရဲ့ ကွင်းလယ်ပိုင်းစွမ်းဆောင်ရည်ဟာ တော်တော်လေးကို သေသပ်ကောင်းမွန်တာကိုလည်း ပရိသတ်တွေ ဆက်တိုက် ခံစားခဲ့ရပြီးဖြစ်ပါတယ်။
နောက်ဆုံးကစားခဲ့တဲ့ ယူနိုက်တက်နဲ့ လီဗာပူးတို့ရဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲမှာလည်း မိုင်နူးက လီဗာပူးကွင်းလယ်လူကို ကောင်းကောင်းယှဉ်ကစားနိုင်ခဲ့သလို အသင်းရဲ့ ကွင်းလယ်ကိုလည်း အကောင်းဆုံး မောင်းနှင်ကစားနိုင်ခဲ့ပါတယ်။ ဒီလိုမျိုး ကစားသမားနဲ့ ဒကလန်ရိုက်စ်၊ ဘယ်လင်ဟမ်တို့ရှိနေတဲ့ ကွင်းလယ်ကို ပေါင်းစပ်လိုက်တာက အင်္ဂလန်အတွက် အကောင်းဆုံးပဲလို့ ဆိုနေကြပါတယ်။
ဒကလန်ရိုက်စ်ကလည်း ပြီးခဲ့တဲ့နွေရာသီကမှ အာဆင်နယ်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းရဲ့ မရှိမဖြစ် ကွင်းလယ်လူအဖြစ် အသုံးတော်ခံနေရပါတယ်။ ဂိုးသွင်းနိုင်စွမ်းရှိသလို ကွင်းလယ်ခံစစ်ပိုင်းမှာလည်း လိုလေသေးမရှိတဲ့ ကစားသမားတစ်ယောက်အဖြစ် အရင်ကတည်းက အင်္ဂလန်လက်ရွေးစင်အသင်းမှာ ခြေစွမ်းပြပြီးသား ကစားသမားပါ။
ဘယ်လင်ဟမ်ကလည်း ဒီရာသီမှ ရီးရဲလ်မက်ဒရစ်ကို ရောက်ရှိလာတာဖြစ်ပေမယ့် အသင်းရဲ့ ထိပ်တန်း ဂိုးသွင်းရှင်၊ မရှိမဖြစ် ကစားသမားအနေနဲ့ ခြေစွမ်းပြနေပြီး သွင်းဂိုးတွေအတွက်ပါ အားကိုးရတဲ့ ကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်နေပါတယ်။ ဒီလိုမျိုး မိုင်နူး၊ ဒကလန်ရိုက်စ်၊ ဘယ်လင်ဟမ်တို့ ပေါင်းစပ်မှုက အင်္ဂလန်လက်ရွေးစင်ပရိသတ်တွေအတွက် စိတ်လှုပ်ရှားစရာဖြစ်နေမှာ အမှန်ပါပဲ။