ကမ္ဘာ့ဖလားမှာ အာဖရိကဂုဏ်ကိုဆောင်နိုင်ခဲ့တဲ့ မော်ရိုကိုဟာ ခြေစမ်းပွဲမှလည်း ကမ္ဘာ့အဆင့်တစ် နာမည်ကျော်ဘရာဇီးလ်အသင်းကို အနိုင်ကစားလိုက်ပြန်ပါပြီ။ ကာတာမှာ ဘယ်သူမှ ထင်မှတ်မထားတဲ့ စွမ်းဆောင်ရည်ကို ပြသခဲ့တဲ့ မော်ရိုကိုက ဘရာဇီးလ်ကိုလည်း အကောင်းဆုံးတုံ့ပြန်နိုင်ခဲ့ပြီး သမိုင်းဝင်နိုင်ပွဲတပွဲကို ထပ်မံရယူခဲ့ကာ ဂုဏ်ယူဖွယ်ကောင်းတဲ့ မှတ်တမ်းတခုကို ရေးထိုးနိုင်ခဲ့ပါတယ်။
မော်ရိုကိုရဲ့ နာမည်ကျော်ကစားသမား ဘူဖယ်လ်က ၂၉ မိနစ်မှာ အဖွင့်ဂိုးသွင်းပေးခဲ့ပြီး ကက်စ်မဲရိုးက ဘရာဇီးလ်အတွက် ၆၇ မိနစ်မှာ ပြန်ချေပခဲ့ပါတယ်။ ဒါပေမယ့် ၇၉ မိနစ်မှာ ဆာဘီရီက မော်ရိုကိုအတွက် အဖိုးတန်အနိုင်ဂိုးကို သွင်းယူကာ ၂-၁ နဲ့ အနိုင်ရရှိခဲ့ပြီး နာမည်ကျော်ဘရာဇီးလ်ကို ရှုံးပွဲတွေ့ကြုံစေခဲ့ပါတယ်။
ဘရာဇီးလ်က သူတို့ရဲ့ နာမည်ကျော်ကစားသမားတွေဖြစ်တဲ့ ဗင်နီရှပ်၊ ရိုဒရိုင်ဂို၊ ကက်စ်မဲရိုး၊ ပါကွေတာ၊ မီလီတာအိုတို့ကို ထည့်သွင်းခဲ့ကစားခဲ့ပြီး အန်တိုနီက လူစားလဲဝင်ရောက်ခဲ့ပါသေးတယ်။ နေမာနဲ့ ရစ်ချာလီဆန်တို့ မပါဝင်နိုင်လို့ ဘရာဇီးလ်တိုက်စစ်က အားနည်းချက်တွေရှိခဲ့ပြီး အရေးကြီးအချိန်မှာ ဂိုးသွင်းပေးနိုင်မယ့်သူ မရှိခဲ့ပါဘူး။
ခြေစမ်းပွဲဆိုပေမယ့် ပွဲကတော့ အနည်းငယ်ကြမ်းခဲ့ကာ ဗင်နီရှပ်နဲ့ မော်ရိုကိုကစားသမားတဦး ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပါတယ်။ အဲဒီကတဆင့် နှစ်ဖက်အသင်းသားတွေပါ ပါဝင်လာခဲ့ပြီး ပွဲက ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ကာ မော်ရိုကိုတို့ ဒီလိုအခြေအနေမှာ အနိုင်ရအောင်ကစားသွားနိုင်ခဲ့လို့ ဒီနိုင်ပွဲက ပိုပြီးတော့ အနှစ်သာရပြည့်၀ခဲ့တယ်ပြောရပါလိမ့်မယ်။
ဘရာဇီးလ်ကတော့ နည်းပြသစ်မခန့်အပ်ရသေးဘဲ အလျင်အမြန်ခန့်အပ်ဖို့တော့ လိုအပ်နေပြီဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်နဲ့ လမ်းခွဲမယ့် အန်ဆယ်လော့တီကို သူတို့က ပစ်မှတ်ထားနေပုံရပြီး သူ့ကိုပဲ ခန့်မယ်ဆိုရင်တော့ ရာသီကုန်အထိ စောင့်ဆိုင်းရဦးမှာဖြစ်ပါတယ်။