ကမ္ဘာ့အဆင့် ၃ နေရာကို ရောက်ရှိသွားခဲ့ပါပြီ။

ဖီဖာရဲ့ ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွေ ထွက်ပေါ်လာခဲ့ရာမှာတော့ ခြေစွမ်းပြကစားနေတဲ့ အာဂျင်တီးနားအသင်းဟာ အဆင့် ၃ နေရာအထိကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ မက်ဆီရဲ့ ဦးဆောင်မှုနဲ့အတူ ၂၀၂၁ ကိုပါအမေရိကဖလားပြိုင်ပွဲကစလို့ တောက်လျှောက်ဆိုသလို အာဂျင်တီးနားက ခြေစွမ်းပြနေခဲ့ရာမှာ လက်ရှိအချိန်ထိလည်းဖြစ်ပါတယ်။ 

အာဂျင်တီးနားက ကိုပါအမေရိကဖလားဆွတ်ခူးနိုင်ခဲ့သလို အီတလီကိုအနိုင်ယူပြီး တိုက်ကြီး ၂ တိုက်ရဲ့ ချန်ပီယံအဖြစ်နဲ့လည်း အောင်ပွဲခံခဲ့ပြီးဖြစ်ပါတယ်။ ဒါ့အပြင် ခြေစမ်းပွဲတွေမှာလည်း ဂိုးပြတ်အနိုင်ရခဲ့ပြီး မက်ဆီက အက်စ်တိုးနီးယားကို တဦးတည်း ၅ ဂိုးသွင်းယူနိုင်တဲ့အထိ ခြေစွမ်းပြခဲ့တာကြောင့်လည်း အာဂျင်တီးနားတို့ ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ ပြင်သစ်ကိုကျော်ပြီး ဘယ်လ်ဂျီယံနဲ့ ဘရာဇီးလ်တို့နောက် ရောက်လာခဲ့ပါတယ်။ 

ဒီလို ကမ္ဘာ့အဆင့်မြင့်တက်လာမှုနဲ့အတူ လာမယ့်ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားက ဘရာဇီးလ်နဲ့အပြိုင် ဗိုလ်စွဲဖို့ ရေပန်းစားလာခဲ့ပါတယ်။ နာမည်ကျော်ကစားသမားဟောင်းတချို့ကလည်း မက်ဆီဥိးဆောင်လာမယ့် အာဂျင်တီးနားကို တစ်ပေးနေပြီး ဒီတကြိမ်တော့ မက်ဆီက ကမ္ဘာ့ဖလားကိုပါ ကိုင်မြှောက်နိုင်မယ်လို့ ခန့်မှန်းနေကြပါတယ်။ 

အာဂျင်တီးနားကတော့ အုပ်စုအဆင့်မှာ ဆော်ဒီ၊ မက္ကဆီကို၊ ပိုလန်တို့နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ လက်ရှိမှာ နိုင်ငံအသင်းအတွက် ခြေစွမ်းတွေ သိသိသာသာပြနေတဲ့ မက်ဆီကြောင့်၊ အုပ်စုတွင်းပြိုင်ဘက်တွေအနေအထားကြောင့် အာဂျင်တီးနားက နောက်တဆင့်ကို လွယ်လွယ်ကူကူပဲ တက်လှမ်းနိုင်လိမ့်မယ်လို့ ယုံကြည်ရပါတယ်။ 

မက်ဆီအနေနဲ့ သူ့အတွက် နောက်ဆုံးသောကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်လာနိုင်ဖွယ်ရာရှိနေချိန်မှာ ဆုဖလားရယူနိုင်ဖို့တော့ စိတ်အားထက်သန်နေမှာဖြစ်ပါတယ်။ လက်ရှိခြေစွမ်းအရလည်း အာဂျင်တီးနားက ထိပ်သီးအသင်းတွေကိုပါ ယှဉ်ပြိုင်ကစားနိုင်စွမ်းရှိနေလို့ ရေပန်းစားနေတဲ့အတိုင်း ဖြစ်လာမလားဆိုတာ စောင့်ကြည့်ရပါတော့မယ်။ 

Share

က္က