ဂျူဗင်တပ်စ်နဲ့အင်တာမီလန်ပွဲမှာဖြစ်ပွားခဲ့တာပါ။

ဂျူဗင်တပ်စ်တိုက်စစ်မှူး ဗလာဟိုဗစ်ဟာ မနေ့ညက အင်တာမီလန်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ တော်တော်လေးကိုဆိုးရွားတဲ့ ဟန်ဆောင်မှုကို ပြုလုပ်ခဲ့ပါတယ်။ အိမ်ကွင်းမှာ ကစားခဲ့ရတဲ့ ဒီပွဲမှာ ဂျူဗင်တပ်စ်တို့ ၀-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ချန်ပီယံဆုမျှော်လင့်ချက်ကတော့ မှုန်ဝါးသွားခဲ့ပါတယ်။



အင်တာမီလန်အတွက်တော့ (၂၀၁၂) နောက်ပိုင်း ဂျူဗင်တပ်စ်အိမ်ကွင်းမှာ ပထမဆုံးနိုင်ပွဲရရှိခဲ့တာလည်းဖြစ်ပါတယ်။ ဒီပွဲမှာ အင်တာမီလန်အတွက် တလုံးတည်းသောအနိုင်ဂိုးကိုတော့ ပထမပိုင်းမှာ ချာဟာနိုဂလူးက ပင်နယ်တီကတဆင့် သွင်းယူပေးခဲ့ပါတယ်။

ဗလာဟိုဗစ်ရဲ့ဖြစ်ရပ်ကတော့ ဒီပွဲရဲ့ပြောစရာကိစ္စရပ်တွေထဲက တခုဖြစ်ခဲ့ပါတယ်။ အင်တာမီလန်နောက်ခံလူ အမ်ဘရိုစီရိုဟာ သူ့အသင်းဖော်တွေကို အော်ဟစ်ညွှန်ကြားရင်း လက်အမြှောက်မှာ ဗလာဟိုဗစ်ရဲ့မျက်နှာကို မတော်တဆ ထိမိခဲ့တာပါ။



အမ်ဘရိုစီရိုက ဒီလိုမတော်တဆဖြစ်ရပ်အတွက် ဗလာဟိုဗစ်ကို ချက်ချင်းပြန်လည်တောင်းပန်ဖို့ ကြိုးစားခဲ့ပေမယ့် ဗလာဟိုဗစ်ကတော့ အမ်ဘရိုစီရိုကို သေချာကြည့်ပြီးတဲ့နောက်မှာ ပြင်းပြင်းထန်ထန် ထိခိုက်မိသလိုနဲ့ လှဲချခဲ့တာဖြစ်ပါတယ်။ ဗလာဟိုဗစ်ရဲ့လုပ်ရပ်ကို ပရိသတ်တွေက ဝေဖန်နေကြပြီး ရည်ရွယ်ချက်လုံးဝမပါတဲ့ အမ်ဘရိုစီရိုကို အနီကတ်ထိဖို့ ဗလာဟိုဗစ် ရည်ရွယ်ချက်ရှိရှိ ဟန်ဆောင်ခဲ့တယ်လို့ဆိုနေကြပါတယ်။

ဒါပေမယ့် ဗလာဟိုဗစ်ရဲ့ဟန်ဆောင်မှုကလည်း တော်တော်ကိုမှ မပီပြင်ခဲ့ဘဲ ရှက်စရာကောင်းတဲ့လုပ်ရပ်အနေနဲ့သာ ဝေဖန်ခံနေရတာဖြစ်ပါတယ်။ အဆိုပါ ဆာဘီးယားကစားသမားဟာ ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့ကမှ ဖီအိုရင်တီးနားကနေ ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့လာခဲ့တာပါ။

ဗလာဟိုဗစ်အတွက် ဂျူဗင်တပ်စ်တို့ ပြောင်းရွှေ့ကြေး ပေါင် (၆၆) သန်း ပေးခေါ်ခဲ့ရပြီး ရော်နယ်ဒို ချန်ရစ်ခဲ့တဲ့ ကျောနံပါတ် (၇) ကို ဝတ်ဆင်ကစားလျက်ရှိပါတယ်။ ဗလာဟိုဗစ်ကို ဂျူဗင်တပ်စ်မှာ ရော်နယ်ဒိုနေရာ အစားဝင်နိုင်တဲ့ ကစားသမားအဖြစ် သတ်မှတ်ထားကြပြီး ဒီကစားသမားဟာ အသင်းအတွက် ပထမဆုံး (၁၁) ပွဲမှာ (၅) ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ 

Share

Loading Next Article...
က္က