အောင်ပွဲခံတာနဲ့ပတ်သက်လို့ ပီတာခရော့ချ်က သတိပေးခဲ့တာပါ။

အင်္ဂလန်ကစားသမားဟောင်း ပီတာခရော့ချ်က ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုအနေနဲ့ သူ့ရဲ့ ကိုယ်ပိုင် အောင်ပွဲခံဟန်ဖြစ်တဲ့ Siuuu ကို အောင်ပွဲခံတိုင်း မကြာခဏ ထုတ်မသုံးသင့်ဘူးလို့ အကြံပေးပြောကြားလိုက်ပါတယ်။ ရော်နယ်ဒိုဟာ ရီးရဲယ်မက်ဒရစ် ကစားသမားဘဝ ရာသီကြိုခြေစမ်းပွဲအဖြစ် ချဲလ်ဆီးနဲ့ ရင်ဆိုင်ခဲ့တုန်းက ဒီ Siuuu ဟန်နဲ့ စတင်အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။



နောက်ပိုင်းမှာတော့ ရော်နယ်ဒိုက ဂိုးသွင်းပြီးတိုင်း အဲ့ဒီပုံစံနဲ့ အမြဲတမ်းအောင်ပွဲခံလေ့ရှိပြီး ပရိသတ်တွေကလည်း ရော်နယ်ဒိုအောင်ပွဲခံချိန်တိုင်း Siuuu လို့ လိုက်ပါအော်ဟစ်အောင်ပွဲခံလေ့ရှိပါတယ်။ ဒါ့အပြင် နောက်ပိုင်းမှာ အခြားသောကစားသမားတွေက ရော်နယ်ဒိုကို လေးစားလို့သော်လည်းကောင်း၊ လှောင်ပြောင်ချင်လို့သော်လည်းကောင်း အလားတူ Siuuu ပုံစံနဲ့ လိုက်လံအောင်ပွဲခံလေ့ရှိပါတယ်။

ဒါပေမယ့် နောက်ဆုံးဂိုးသွင်းခဲ့တဲ့ ဘရိုက်တန်နဲ့ ပရီးမီးယားလိဂ် အိမ်ကွင်းပွဲစဥ်မှာတော့ ရော်နယ်ဒိုတယောက် သူ့ရဲ့နာမည်ကျော်အောင်ပွဲခံဟန်ကို စွန့်ပစ်ခဲ့ပြီး ကွင်းမြက်ခင်းပေါ်မှာ ဒူးလျှောတိုက်ကာ သာမန်အတိုင်း အောင်ပွဲခံခဲ့ပါတယ်။ ဒီပွဲအပြီး ရက်ပိုင်းအကြာမှာပဲ ပီတာခရော့ချ်က ရော်နယ်ဒိုရဲ့အောင်ပွဲခံဟန်နဲ့ ပတ်သက်လို့ အခုလိုပဲ သတိပေးစကား ပြောကြားခဲ့ပါတယ်။

ပီတာခရော့ချ်က “ကျနော့်အနေနဲ့ ဒီစကားကို လူသိရှင်ကြား ပြောသင့်တယ်လို့ ထင်ပါတယ်။ ကောင်းမွန်တဲ့ အောင်ပွဲခံဟန်အတွက် အဓိကအချက်က ဒီအောင်ပွဲခံဟန်ကို မကြာခဏ မပြုလုပ်ဖို့ပါပဲ။ ကျန်တဲ့သူတွေက ‘အိုး.. ဒီတယောက် ဒီတိုင်းပဲ ထပ်လုပ်ပြန်ပြီ’ လို့ ပြောမှာကို ခင်ဗျား လိုလားမှာ မဟုတ်ပါဘူး။ ကျနော်တောင် စက်ရုပ်အကနဲ့ အောင်ပွဲခံဟန်ကို သုံးကြိမ်ပဲ လုပ်ခဲ့ဖူးပါတယ်”

“အင်္ဂလန်လက်ရွေးစင်ရဲ့ ခြေစမ်းပွဲအဖြစ် ဟန်ဂေရီ၊ ဂျမေကာတို့နဲ့ပွဲ၊ ပြီးတော့ စတုတ်မှာ ကျနော့်ရဲ့ ပရီးမီးယားလိဂ်သွင်းဂိုး (၁၀၀) ပြည့်မြောက်တဲ့ဂိုးတွေမှာပဲ ဒါမျိုး အောင်ပွဲခံခဲ့တာပါ။ ခင်ဗျား ဒီအောင်ပွဲခံဟန်ကို သိမ်းဆည်းထားသင့်တာပေါ့ဗျာ။ လောင်းကစားသမားတွေကို မျှော်လင့်ချက်တွေ ပေးလိုက်စမ်းပါ ခရစ္စတီယာနို” လို့ သူရေးသားနေကျ ဒေးလီးမေးလ်ကော်လံမှာ ရေးသားသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က